Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ကိုရီးယားနဲ့ပေါင်းပြီး ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတဲ့ မြန်မာစစ်တပ်

ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှု အပြီးမှာ နိုင်ငံတကာ အပယ်ခံ ဘဝ ပြန်ရောက်သွားခဲ့သလို လက်ရှိ စစ်ပွဲ အခြေအနေကြောင့် ရုရှားဆီက စစ်လက်နက်တွေ ဝယ်ယူရေး ကိစ္စကလည်း မတင်မကျ ဖြစ်လာတဲ့အခါ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ တစ်ချိန်က စစ်ရေး မဟာမိတ်ဟောင်း မြောက်ကိုရီးယားဆီ ယုံယုံကြည်ကြည် ပြန်ဦးလှည့်လာတာ သိပ်တော့ မဆန်းလှပါဘူး။

ရန်ကုန်မြို့ အခြေစိုက် လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုက လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရော၊ စစ်မှုထမ်းဟောင်းတွေနဲ့ပါ တွေ့ဆုံ မေးမြန်းမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တဲ့နောက် မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးဟာ အာဏာသိမ်းမှု အပြီးမှာ အရင်လို ပုံမှန်အဆင့် ပြန်ရောက်လာပြီလို့ သုံးသပ် ဖော်ပြခဲ့ပါတယ်။

အဲဒီ သုတေသန အဖွဲ့အစည်းကပဲ အခုဆိုရင် စစ်တပ် ကြီးစိုးတဲ့ အထီးကျန် နှစ်နိုင်ငံဟာ ဒုံးကျည် နည်းပညာ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် လက်တွဲ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ ခုနှစ်လောက်ကစလို့ မြန်မာဟာ မြောက်ကိုရီးယားဆီက တိုက်ချင်းပစ် ဒုံးကျည် နည်းပညာတွေ စတင် လက်ခံ ရရှိလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အစောပိုင်းလောက်ထိ မြောက်ကိုရီးယားရဲ့ ဒုံးကျည် သိပ္ပံပညာရှင် ၂၀ ကျော်လောက်ဟာ မြန်မာနိုင်ငံမှာ ရှိနေခဲ့ကြပါတယ်။ သူတို့တွေထဲက ဘယ်သူတွေ မြောက်ကိုရီးယားကို ပြန်သွားသလဲဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် နည်းပညာပိုင်း လွှဲပြောင်းမှုတွေ ရှိခဲ့တာတော့ သေချာတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နောက်ပြီးတော့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေး စတင်ယုတ်လျော့ ကျဆင်းလာတယ်လို့ ယုံကြည်ရတဲ့ ၂၀၁၅ လောက်မှာတောင် မြန်မာစစ်တပ်ရဲ့ နည်းပညာ ကျွမ်းကျင်သူ ၃၁ ဦးဟာ မြောက်ကိုရီးယားကို ၂ လကြာ ပညာတော်သင် သွားရောက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၀ ပြည့်နှစ် အစောပိုင်း နှစ်တွေမှာ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရေးယူ ပိတ်ဆို့မှု၊ ဆန္ဒပြမှု မူဝါဒတွေအစား စေ့စပ် ညှိနှိုင်းရေး လမ်းကြောင်းကို ပြောင်းလဲလာခဲ့ရာမှာ မြန်မာ စစ်တပ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးကလည်း အလေးထား စဉ်းစားတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

အနောက်အုပ်စုနဲ့ မြန်မာတို့ကြား ပုံမှန် ဆက်ဆံရေးတစ်ရပ် ပြန်လည် ထူထောင်ဖို့ဆိုရင် မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ပြီး နိုင်ငံရေး ပွင့်လင်းမှုတွေလည်း ရှိလာဖို့ လိုနေပါတယ်။ ၂၀၁၁ ကနေ ၂၀၁၆ ထိ တာဝန်ယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လက်ထက်ကစလို့ မြန်မာဟာ အပယ်ခံ နိုင်ငံဘဝကနေ အနောက်အုပ်စု ရင်းနှီးကျွမ်းဝင်တဲ့ နိုင်ငံသစ်တစ်ခု ဖြစ်လာပါတယ်။

ဒါပေမဲ့ မနှစ်က ဖြစ်ပွားခဲ့တဲ့ သွေးစွန်းတဲ့ အာဏာသိမ်းမှုဟာ အရာရာကို နာရီလက်တံ ပြောင်းပြန် လည်သွားစေခဲ့ပြီး မြန်မာနိုင်ငံကလည်း စစ်အာဏာရှင် အုပ်စိုးတဲ့ အမှောင်မိုက်ဆုံး နှစ်ကာလတွေဆီ ပြန်ရောက်သွားပါတယ်။ အနောက်နိုင်ငံတွေကလည်း မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပြန်လည် ကျင့်သုံး သတ်မှတ်လာတယ်။ အဲဒီထဲမှာ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ် အဆက်အနွှယ် စီးပွားရေး လုပ်ငန်းတွေကို ရွေးချယ် ပစ်မှတ်ထား ပိတ်ပင်တာတွေလည်း ပါဝင်တယ်။

ဒီအခြေအနေမှာ မြန်မာစစ်တပ်ဟာ မြောက်ကိုရီးယားနဲ့ အဆက်အဆံလုပ်လို့ အရေးယူ ပိတ်ဆို့တာတွေ ခံရမလား ဆိုတာကို တွေးပူနေစရာ မလိုတော့ပါဘူး။ အခုဆိုရင် ကပစ (ကာကွယ်ရေးပစ္စည်း စက်ရုံ)လို့ အတိုကောက် ခေါ်ဝေါ်တဲ့ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရာ စက်ရုံတွေ တော်တော်များများမှာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး ဒုံးကျည် နည်းပညာပိုင်း အဆင့်မြှင့် တီထွင်မှုတွေ ရှိနေပါပြီ။

မြန်မာနိုင်ငံ အနှံ့မှာ အဲဒီလို စစ်လက်နက် ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၃၈ ခုလောက် ရှိနေပါတယ်။ ဒုံးကျည် သုတေသန ပြုလုပ်တဲ့ အဓိက စက်ရုံကတော့ မကွေးတိုင်း၊ ဂန့်ဂေါ မြို့နယ်မှာ တည်ရှိပြီး ကပစ ၂၃ လို့ ခေါ်ဝေါ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သုတေသန စင်တာ ဆောက်လုပ်မှု စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ မြောက်ကိုရီးယား ပညာရှင်တွေရဲ့ ဦးစီးမှုအောက်မှာ စတင် လည်ပတ်လာပါတယ်။

အခုဆိုရင် အဲဒီ သုတေသန ဌာနမှာ ပညာရှင်၊ စစ်သားနဲ့ အရာရှိပေါင်း ၇၀၀ လောက် အလုပ်လုပ်နေကြပါတယ်။ မြောက်ကိုရီးယားရဲ့ ပညာရှင်တွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စင်တာရဲ့ လုပ်ငန်း လည်ပတ်မှုက ပုံမှန် အခြေအနေ ရောက်နေပါပြီ။ ဒီအကြောင်းတွေကို ပြောပြတဲ့ သတင်းရင်းမြစ်ကတော့ ထိလွယ်ရှလွယ် အခြေအနေတွေကြောင့် နာမည် ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

အဲဒီ သတင်းရင်းမြစ်ရဲ့ အပြောအရ အခုဆိုရင် မြန်မာစစ်တပ် တီထွင်နေတဲ့ ဒုံးကျည် အမျိုးအစား ၃ ခု ရှိတယ်လို့ သိရပါတယ်။ မြန်မာစစ်တပ် အနေနဲ့ ဒီဒုံးကျည်တွေကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ တီထွင်နေသလဲ ဆိုတာကို အတိအကျ မသိရသေးပေမယ့် SS/N-5၊ CK 20၊ CK 21ဆိုတဲ့ ကုတ်ဒ်နာမည်တွေ မှည့်ခေါ်ထားတယ်လို့တော့ အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာတွေအရ ပထမ အမျိုးအစားဟာ ရုရှားလုပ် R-21 ဒုံးကျည်ကို ကိုးကားထားဟန်ရှိပြီး ရေငုပ်သင်္ဘော အခြေစိုက် ပစ်ခတ်တဲ့ ဒုံးကျည်မျိုး ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာတော့ Rodong-1 ဒုံးကျည် ဒီဇိုင်းကို အသုံးပြုပါတယ်။ အဲဒီ ဒုံးကျည်ကပဲ မြန်မာစစ်တပ် တီထွင်နေတဲ့ စမ်းသပ်ဆဲ Prototypeအဆင့် ဒုံးကျည်က ပြန်ကိုးကားထားတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ CK 20ကတော့ ကီလိုမိတာ ၁၃၀ လောက်ထိ ပျံသန်း ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ပါ။ CK 21ကတော့ ကီလိုမိတာ ၇၀၀ ကျော်လောက်ထိ ရောက်နိုင်မယ့် ဒုံးကျည်မျိုး ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

ဒုံးကျည် ပရောဂျက်တွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း အများစုကို မြန်မာနိုင်ငံမှာပဲ ထုတ်လုပ်ပါတယ်။ တချို့ကိုတော့ တရုတ်ကို ကြားခံအဖြစ် ထားပြီး မြောက်ကိုရီးယားကနေ တင်သွင်းပါတယ်။ ဒီဇိုင်းပိုင်းနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ အတွက်တော့ မြောက်ကိုရီးယား ပညာရှင်တွေက ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးပါတယ်။

ဒီပရောဂျက်မှာ ပါဝင်နေတဲ့ မြန်မာစစ်တပ် အရာရှိတွေထဲမှာ ဘယ်သူမှ ကိုရီးယားလို မပြောတတ်ကြပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အနေကြာနေတဲ့ မြောက်ကိုရီးယားသား တချို့ကတော့ ဗမာလို လည်လည်ပတ်ပတ် ပြောတတ်နေကြပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံမှာ ထင်ထင်ပေါ်ပေါ် လုံးဝ မနေဘဲ သတိကြီးကြီးနဲ့ ဇာတ်မြှုပ်ထားလေ့ ရှိပါတယ်။ ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင် တစ်ခုဖြစ်တဲ့ ပြုံယမ်း ကော်ယိုမှာ သူတို့တွေကို မြင်နေတွေ့နေကျ ဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ ၂၀၁၈ မှာတော့ အဲဒီဆိုင်ကို ပိတ်သိမ်းလိုက်ပါပြီ။

ကပစ ၂၃ က သုတေသနနဲ့ တီထွင်မှု အပိုင်းတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေကို တခြား ကပစ စက်ရုံ ၄ ခုထက် မနည်းက ထောက်ပံ့ ပေးပို့နေပါတယ်။ အဲဒါတွေက ကပစ ၆၊ ကပစ ၁၀၊ ကပစ ၂၄ နဲ့ ကပစ ၂၅ လို့ သိရှိထားပါတယ်။ ကပစ ၆ ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နားက ညောင်ခြေထောက် ကျေးရွာမှာ တည်ရှိပါတယ်။

ဒီစက်ရုံဟာ ပြည်မြို့နားက ဧရာဝတီ မြစ်ကမ်းဘေး၊ ဧက ၃၀၀၀ လောက် ကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်ထားတာပါ။ ကာကွယ်ရေး စက်မှုလုပ်ငန်းကြီး တစ်ခု ဖြစ်တဲ့အတွက် အစောင့်အကြပ် ထူထပ်ပြီး စစ်သား ၉၀၀ ထက်မနည်း အခြေစိုက် တပ်စွဲထားပါတယ်။
ပုံမှန်ဆိုရင်တော့ အဲဒီစက်ရုံကနေ လက်နက်ငယ်တွေအတွက် ကျည်အိမ်တွေနဲ့ ကြေးနီပြားတွေ ထုတ်လုပ်လေ့ ရှိပါတယ်။ စက်ရုံထဲမှာ တရုတ်က တည်ဆောက်ပေးထားတဲ့ သံမဏိ အလုပ်ရုံ တစ်ခုလည်း တည်ရှိပြီး လက်နက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အသုံးပြုပါတယ်။

ကပစ ၁၀ ကတော့ မကွေးတိုင်းက အထက် မင်းလှမြို့၊ ကုန်းကြီးကျေးရွာနားမှာ တည်ရှိပါတယ်။ ဧက ၆၀၀၀ လောက် ကျယ်ဝန်းတဲ့ နေရာမှာ စစ်သည် ၆၀၀ ကျော်လောက် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံကို ၁၉၉၃ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ၊ ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ရော့ကက်တွေ ထုတ်လုပ်ပါတယ်။

စက်ရုံ တည်ဆောက်ရာမှာ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားက ပညာရှင်တွေ ပါဝင် ကူညီပေးခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ တရုတ်နဲ့ ရုရှားတို့ဆီက မှာယူလေ့ ရှိပါတယ်။ တစ်ခါတလေ တောင်ကိုရီးယားကနေ လှမ်းမှာတာတောင် ရှိပါတယ်။ စက်ရုံ တည်ဆောက်မှုနဲ့ စက်ယန္တရားတွေ အပြီးသတ် တပ်ဆင်မှုဟာ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။

စက်ရုံရဲ့ အစိတ်အပိုင်း တချို့ဟာ မြေအောက်ခန်းတွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီနေရာတွေ တည်ဆောက်ရာမှာ မြန်မာစစ်တပ်ကို မြောက်ကိုရီးယားရဲ့ ဥမင်လှိုဏ်ခေါင်း ကျွမ်းကျင် ပညာရှင်တွေက ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။ ကပစ ၁၀ မှာ ဒုံးကျည်နဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ ထုတ်လုပ်ရေး အတွက်လည်း မြောက်ကိုရီးယားရဲ့ ပညာရှင်တွေက အကူအညီ ပေးနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကပစ ၂၂ နဲ့ ကပစ ၂၄ ကတော့ စက်ရုံသစ်တွေ ဖြစ်ကြပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျောမြစ်နားမှာ တည်ရှိပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားတို့ကြားက ဆက်ဆံရေးဟာ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလထိ နွေးထွေးနေခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ မြောက်ကိုရီးယား အေးဂျင့်တွေက ဗုံးခွဲ တိုက်ခိုက်လို့ တောင်ကိုရီးယား အရာရှိ ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် အပြီးမှာတော့ အခြေအနေတွေက တင်းမာသွားပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ လျှို့ဝှက် ဆွေးနွေးတာတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ၁၉၉၃ ကစလို့ ပုံမှန် ဆက်ဆံရေး ပြန်လည် စတင်လာပါတယ်။

၁၉၉၉ ခုနှစ်၊ ဇွန်လမှာ မြန်မာစစ်တပ် ထိပ်တန်း ခေါင်းဆောင်တွေ ပြုံယမ်းမြို့တော်ကို သွားရောက်ခဲ့သလို ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာလည်း နောက်ထပ် လျှို့ဝှက် ခရီးစဉ် တစ်ခုကို အကောင်အထည် ဖော်ခဲ့ပြန်ပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လမှာ မြောက်ကိုရီးယား ပညာရှင်တွေကို ရန်ကုန်မြို့က ရေတပ် အခြေစိုက် စခန်းတစ်ခုမှာ တွေ့လာရပါပြီ။ မြန်မာနိုင်ငံ အလယ်ပိုင်းက လေတပ် စခန်းတွေမှာလည်း မြောက်ကိုရီးယား အမျိုးသား လေကြောင်းလိုင်း Air Koryoရဲ့ လေယာဉ်တွေ အတက်အဆင်း လုပ်နေတာ တွေ့နိုင်ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ မြောက်ကိုရီးယားနဲ့ မြန်မာ သံတမန် ဆက်ဆံရေး ပြန်စပြီလို့ တရားဝင် ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားကနေ မြန်မာကို ပေးပို့ကြောင်း ကနဦး အတည်ပြုနိုင်တဲ့ စစ်လက်နက်တွေက သမားရိုးကျ စစ်လက်နက် အမျိုးအစားတွေနဲ့ နည်းပညာ လွှဲပြောင်းမှုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ၁၉၉၉ ခုနှစ်တုန်းက ၁၃၀မမ Type 59 အမြောက်တွေလည်း ပါဝင်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဥမင် တည်ဆောက်ရေး ပညာရှင်တွေ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာကိုလည်း ၂၀၀၆ ခုနှစ်၊ ဇွန်လက မြို့တော်သစ် နေပြည်တော် တည်ဆောက်ချိန်မှာ အတည်ပြုလာနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ရှုပ်ထွေးပြီး လျှို့ဝှက်တဲ့ မြေအောက်ဥမင် ကွန်ရက်တွေ သွယ်ယှက် ဖောက်လုပ်ထားကြောင်း အတော်လေး သတင်းကြီးခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာတော့ အဲဒီတုန်းက မြန်မာစစ်တပ်ရဲ့ နံပါတ် ၃ အကြီးအကဲလို့ သတ်မှတ်ခံရသူ ဗိုလ်ချုပ်ကြီး ရွှေမန်း ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယား စစ်လက်နက် ပစ္စည်း စက်ရုံတွေကို လှည့်လည် လေ့လာခွင့် ရခဲ့သလို ရေဒါစနစ်တွေ၊ မြေပြင်အခြေစိုက် ပစ်ခတ်နိုင်တဲ့ ဝေဟင်ပစ် ဒုံးကျည်တွေ၊ ရှိရင်းစွဲ အမျိုးအစားတွေထက် ပိုအဆင့်မြင့်တဲ့ လက်နက်ကြီးတွေကို မြောက်ကိုရီးယားဆီက ဝယ်ယူဖို့ စိတ်ဝင်စားဟန် ပြသခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားရဲ့ ကုန်တင်သင်္ဘော တချို့ဟာ ကြိုတင် ကြေညာမထားဘဲနဲ့ မြန်မာနိုင်ငံက ဆိပ်ကမ်းတွေဆီ ဆိုက်ရောက်လာကြပါတယ်။ ဒါဟာ ပိုပြီး ခေတ်မီဆန်းသစ်တဲ့ စစ်လက်နက်တွေ တင်ပို့လာတာဆိုတဲ့ သံသယတွေကို ကြီးထွားစေခဲ့ပါတယ်။ အခုအခါမှာတော့ ဒီပစ္စည်းတွေဟာ မြန်မာစစ်တပ်ရဲ့ လျှို့ဝှက် အကောင်အထည် ဖော်နေတဲ့ ဒုံးကျည် စီမံကိန်းတွေနဲ့ ဆက်စပ်တယ်ဆိုတာ သေချာသွားခဲ့ပါပြီ။

ဒီတော့ မြန်မာစစ်တပ်ဟာ ပဲ့ထိန်းဒုံးကျည်တွေ ဘာကြောင့် လိုအပ်တယ်လို့ တွေးနေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ပြောရရင် မြန်မာနိုင်ငံမှာ ပြည်ပရန်သူရယ်လို့ မရှိပါဘူး။ ပြည်တွင်းစစ်မှာလည်း ပဲ့ထိန်းဒုံးတွေက အသုံးမဝင်လှဘူး။

ဒီတော့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိပါတယ်။ နေပြည်တော်က လူကြိုက်နည်းလှတဲ့ စစ်အာဏာရှင်တွေဟာ အခုလို နည်းပညာ အဆင့်အတန်း မြင့်မားလှတဲ့ စစ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့အခါ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေရဲ့ သစ္စာ စောင့်သိမှုကို ရရှိလိမ့်မယ်လို့ ထင်မြင် ယူဆထားတာကြောင့် ဖြစ်ပါတယ်။ ခေတ်မီ စစ်လက်နက်တွေ ပိုင်ဆိုင်နေတယ် ဆိုတာကို သူတို့ ကိုယ်တိုင်ကလည်း ကျေနပ်နှစ်သိမ့်ပြီး ဂုဏ်ယူနေပုံပါပဲ။

အရေးယူ ပိတ်ဆို့မှုတွေ ကြုံနေပြီး ငွေကြေး ကျပ်တည်းနေတဲ့ နိုင်ငံတွေမှာ ဒုံးကျည် နည်းပညာတွေကို ကိုင်တွယ်ရတာဟာ စီးပွားရေး အမြင်နဲ့ စဉ်းစားဖို့လိုတဲ့ အပိုင်းတွေလည်း ရှိနေပါတယ်။ ရုရှားနဲ့ တခြား စစ်လက်နက် ထောက်ပံ့တဲ့ နိုင်ငံတွေက ငွေသား လိုချင်ပေမယ့် မြောက်ကိုရီးယားကတော့ ကုန်ပစ္စည်းချင်း ဖလှယ်တဲ့ ဘာတာစနစ်ကို အမြဲတမ်း လမ်းဖွင့်ပေးထားလေ့ ရှိပါတယ်။ အခုဆိုရင် မြန်မာရော၊ မြောက်ကိုရီးယားပါ ပုံမှန် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု လမ်းကြောင်းတွေကို အသုံးပြုဖို့အတွက် အကြီးအကျယ် ခက်ခဲမှုတွေ ရင်ဆိုင်နေရပါတယ်။

မြောက်ကိုရီးယားက စားနပ်ရိက္ခာတွေ လိုအပ်နေပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကတော့ ခေတ်မီ စစ်လက်နက်တွေ ပိုင်ဆိုင်ထားမှသာ ပြည်တွင်း တော်လှန်ရေး အင်အားစုတွေအပေါ် အသာစီး ယူနိုင်ပြီး သူတို့ရဲ့ အာဏာစက် တည်မြဲမယ်လို့ ခံယူထားတယ်။ ရိက္ခာနဲ့ လက်နက် လဲတာဟာ အပယ်ခံ နှစ်နိုင်ငံကြားမှာ အရင်ကတည်းက သဘောတူညီမှု ရှိခဲ့ဖူးသလို ဒုံးကျည်နည်းပညာ ဝယ်ယူမှုမှာလည်း ဒီနည်းလမ်းနဲ့ အလုပ်ဆက်ဖြစ်နေမယ့် သဘောပါပဲ။

(Asia Times သတင်းဌာန၏ Myanmar, North Korea on a new missile-making mission ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။