တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အထက်တန်းကျောင်းအတွင်း တက္ကသိုလ်ဝင်တန်း ဒုတိယနေ့ မဖြေဆိုမီ နာရီဝက်ခန့်အလိုတွင် အသံဗုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံက ပြောသည်။
တက္ကသိုလ်ဝင်တန်း ဒုတိယရက် အင်္ဂလိပ်စာဘာသာဖြေဆိုမည့်ရက်တွင် ကျောင်းသားများ စာမေးပွဲခန်းမရောက်မီ ကျောင်းဆောင်အနီး၌ ပေါက်ကွဲသံထွက်ပေါ်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုစာသင်ကျောင်းကို စစ်ကောင်စီလက်အောက်ခံ မီးသတ်၊ရဲတပ်နှင့်စစ်သားများအပါအဝင် အင်အား ၄၀ခန့် လုံခြုံရေးယူထားစဉ် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်များက သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုသည်။
“ထိခိုက်မူကြီးကြီးမားမားတော့ မရှိပါဘူးလို့သိရတယ်။ ပေါက်ကွဲသံက အသံကျယ်ကြီးဘဲ။ တစ်ရပ်လုံးကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းမ်၏ ရေးသားချက်အရ အဆိုပါကျောင်းတွင် ကျောင်းသာ ၉၀ခန့်စာမေးပွဲဖြေဆိုနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကိုပစ်မှတ်ထား တိုက်ခိုက်တာမျိုး မဟုတ်လောက်ဘူး။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို မလည်ပတ်နိုင်အောင် သတိပေးလုပ်ဆောင်တာမျိုးဖြစ်မှာပါ”ဟု အခြားရေဖြူမြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။
ထိုဖောက်ခွဲမှုကို စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ အရှက်မဲ့စွာကြီးမှူးကျင်းပနေခြင်းကို တားဆီးရန်အတွက် လူထိခိုက်မှုမရှိသည့် အသံမိုင်းခွဲခဲ့ခြင်းသာဖြစ်သည်ဟု Launglone People Defense Force- LLPDF ၊ Dawei Guerrilla Revolutionary Force – DGRF နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDFများက ပူးပေါင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဦးစီးကျင်းပသည့် ၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းက ဝင်ရောက်ဖြေသူ ၄,၃၀၀ကျော် ရှိသည်။
တနင်္သာရီတိုင်းက တက္ကသိုလ်ဝင်တန်းကို နှစ်စဉ် ကျောင်းသားဦးရေ နှစ်သောင်းကျော်ဝင်ရောက်ဖြေဆိုလေ့ရှိပြီး စစ်တပ်ကဦးစီးကျင်းပသည့် ယခုတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဖြေဆိုသူကျောင်းသား ငါးဆကျော်လျော့နည်းသွားခြင်း ဖြစ်သည်။


















































