တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲကို မပါဝင်ကြရန် မေတ္တာရပ်ခံထားသော်လည်း ရမည်းသင်းမြို့နယ် ထူးအပန်းဖြေစခန်း၌ ပြုလုပ်မည့် သင်္ကြန်ပွဲတွင် ပါဝင်သီဆိုဖျော်ဖြေမည့် အနုပညာရှင်များကို ပရိသတ်များက ဝေဖန်နေသည်။
ယင်းသင်္ကြန်ပွဲတွင် ပါဝင်ဖျော်ဖြေမည့် သာဒီးလူက “ ဒီအချိန်မှာ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်းက ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ ရမည်းသင်းမြို့မှာရှိတဲ့ ‘ထူး’ အပန်းဖြေစခန်းမှာ ဒီလူတွေနဲ့ ဒီနှစ်သင်္ကြန် တစ်တွင်းလုံးရှိနေပါမယ်။” ဟု ဧပြီ ၅ ရက်တွင်ရေးသားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ရေးသားထားမှုအပေါ် ပရိသတ်များက ဝေဖန်ခဲ့ပြီး Civil Guerrilla Force-YGN ကလည်း သာဒီးလူ ၏ လုပ်ရပ်အပေါ် ဆန့်ကျင်ကြောင်းရေးသားထားသည်။
” မိမိကိုယ်တိုင် လှိုင်သာယာသားဖြစ်သည့်တိုင် အသက်ပေါင်းရာကျော်ဆုံးရှုံးခဲ့ရသော လှိုင်သာယာမြို့အား အလေးမထားခြင်း၊မထီမဲ့မြင်ပြုလုပ်ခြင်း။ စစ်ဘေးဒဏ်ခံ၊ဒုက္ခခံနေရသူများ၏ အသက်၊ဘဝများကို ငဲ့ကွက်စဉ်းစားပေးခြင်းမပြုပဲ စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲတော်တွင် ပါဝင်ပတ်သက်ခြင်း။ထောက်ပြပြောဆိုသော သူများအား မထီမဲ့မြင်ပြုလုပ်ခြင်း။ အကျဉ်းချခံအနုပညာသမားများ၊တောထဲရောက် အိုးပစ်အိမ်ပစ် အနုပညာသမားများအား ကိုယ်ချင်းစာမှုမရှိခြင်းတို့ကြောင့် “အဆိုတော် သာဒီးလူ” ၏ လုပ်ရပ်များအား ကျွန်တော်တို့ CGF-YGN မှ ပြင်းပြင်းထန်ထန် ရှုံ့ချသည်။” ဟု ကြေညာချက်ထုတ်ပြန်သည်။

Public Service Announcement
သာဒီးလူသည် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူအများအပြားအားသတ်ဖြတ်ပြီး အနုပညာရှင်များအပါအဝင် ထောင်နှင့်ချီသော ပြည်သူများအား မတရားဖမ်းဆီးအကျဥ်းကျခံနေရချိန်တွင် အခြားသော အနုပညာရှင်များအား ဖေဖော်ဝါရီ ၂၇ရက်က အောက်ပါအတိုင်းရေးသား သတိပေးခဲ့သည်။
” ဒီလိုအချိန်ကာလကြီးမှာ တချို့အလုပ်တွေပြန်စကြတာလည်း စတာပေါ့လေ၊ကျွန်တော်ကိုယ်တိုင်လည်းလုပ်လို့ရတဲ့အနေထားကနေအလုပ်တွေပြန်ကြိုးစားနေပါတယ်။ဒါပေမယ့် ယုံကြည်ချက်နဲ့ရှေ့ဆက်နေကြတဲ့ အခြားသော အနုပညာ ညီကိုမောင်နှမတွေကိုလည်း လေးစားသမှု့လေးနဲ့မျက်စိစပါးမွှေးစူးအောင်တော့ သိပ်မလုပ်မိကြပါစေနဲ့” ဟု ရေးသားထား သည်။သို့သော် ၎င်းက အထက်ပါစာသားကို Media များ ကူးယူဖော်ပြခြင်းမပြုဟု ထပ်မံရေးသားထားသော်လည်း မူလက အသိပေးဖော်ပြထားသည့် အကြောင်းအရာနှင့် လက်ရှိ၎င်းလုပ်ဆောင်ထားသည့် အရာနှင့် ကိုက်ညီမှုမရှိသည်ကို ပရိတ်သက်များက ထောက်ပြဝေဖန်နေခြင်းကြောင့် စာဖတ်ပရိတ်သတ်များ နားလည်မှုရှိစေရန် ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်။
ယင်းပွဲ၌ သာဒီးလူနှင့်အတူ ထူးအယ်လင်း ၊ဝန ၊အစ္စဏီ စသည့် အနုပညာရှင်များလည်းပါဝင်မည်ဖြစ်ကာသင်္ကြန်ကာလတစ်လျှောက်လုံး ဖျော်ဖြေပေးမည်ဟု ကြေညာထားသည်။
ဝေဖန်ခံရသည့် ပို့စ်ကို သာဒီးလူက ၎င်း၏ ဖေ့စ်ဘွတ်ခ်မှ ဧပြီ ၇ရက်တွင် ဖယ်ရှားခဲ့သည်။
ဝေဖန်မှုများနှင့်ပတ်သက်၍ အဆိုတော်ထူးအယ်လင်းက ယင်းသင်္ကြန်ပွဲသည် စစ်ကောင်စီ နှင့်မသက်ဆိုင်သလို ပါတီများနှင့်သက်ဆိုင်သည့်ပွဲမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းထားပြီး ဝေဖန်မှုများရှိသော်လည်း သင်္ကြန်ကာလတစ်လျှောက်လုံး ယင်းပွဲ၌ ရှိမည်ဟု Live လွှင့်ပြောကြားထားသည်။
ပွဲနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာချိန်၌ ယင်းပွဲကို လက်မခံထားကြောင်းနှင့် ဖွင့်ပွဲနေ့တွင် မေတ္တာဖြင့်သီဆိုပေးရန်စီစဉ်ထားခြင်းဖြစ်ကြောင်း မိုးမိုးကပြန်လည်ဖြေရှင်းထားသည်။



















































