▪️စစ်ကောင်စီက ကျေးရွာ ၂၇ရွာကို ဝင်စီးပြီး အိမ်ခြေ ၈၀ကျော်နှင့် ဆိုင်ကယ်အစီး ၂၀ခန့်ဖျက်ဆီးသွားဟုဆို
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း အကြမ်းဖက်မှုဖြစ်စဥ်တွင် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းအပါအဝင် အရပ်သား ပြည်သူခြောက်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယမန်နေ့တွင် သတင်းထုတ် ပြန်သည်။
အင်အား ၁၅၀ခန့်ရှိသည့် စစ်ကောင်စီတပ်သည် နယ်မြေရှင်းရေးလုပ်ငန်းအကြောင်းပြကာ စစ်ကြောင်းသုံးကြောင်းခွဲ၍ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် ဧပြီ ၂ရက်မှ ၆ရက်အတွင်း ကျေးရွာပေါင်း ၂၀ကျော်ကို ဝင်ရောက်စီးနင်း အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထား သည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဧပြီ ၂ ရက်ကတည်းက ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ နေအိမ်များ ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာများ အဓမ္မယူဆောင်ခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်ဆီးခေါ်ဆောင်ခြင်း၊ လက်နက်ကြီးများ ရမ်းကားပစ်ခတ်နေခြင်းများ ပြုလုပ်ခဲ့ကြောင်း မြို့နယ်(ပအဖ)က ထုတ်ပြန်သည်။

Public Service Announcement
အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ ရမ်းကားပစ်သတ်မှုကြောင့် ဧပြီ ၂ရက်တွင် ခြံယာရွာမှ (၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မီးလောင်ကျွန်းရွာမှ (၆၀)အရွယ် မသန်စွမ်း အမျိုးသားတစ်ဦး၊ ဧပြီ၃ ရက်တွင် ကျောက်ဖူးရွာမှ (၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ ကျည်ထိမှန်သေဆုံးခဲ့ရသည်ဟုဆိုသည်။ ထို့ပြင် ဧပြီ ၄ရက်၌ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက် ကြီးများ ရမ်းကားပစ်ခတ်မှုကြောင့် မဲကုန်းရွာမှ (၇၀) အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဧပြီ ၆ရက်တွင် သောင်ရှေ့ရွာမှ (၂၀)အရွယ် အမျိုးသားတစ်ဦးကို အကြောင်းမဲ့ပစ်သတ်သွားကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဧပြီ ၂ရက်မှ ဧပြီ ၆ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်းမြို့နယ်(ပအဖ)က ထုတ်ပြန်ခဲ့ပြီး သေဆုံးပြည်သူ ငါးဦး၏ အမည်၊ နေရပ်တို့ကို ဖော်ပြထားပြီး တစ်ဦး၏ အချက်အလက်များကို ဖော်ပြမထားပေ။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဖြုံဘူးရွာတွင် နေအိမ် ၅၆လုံး၊ မိဖုရားရွာတွင် နေအိမ် နှစ်လုံး၊ မီးလောင်ကျွန်းရွာတွင် နေအိမ် ၁၀လုံး၊ လှေခုတ်ရွာတွင် နေအိမ် ခြောက်လုံး၊ ခြံယာရွာတွင် နေအိမ် နှစ်လုံး၊ ဘိုကုန်းရွာတွင် နေအိမ်တစ် လုံး၊ တောင်ကုန်းရွာတွင် ခုနစ်လုံး၊ စုစုပေါင်း နေအိမ် အလုံး ၈၄လုံးနှင့် ရိပ်သာကျောင်းတစ်ဆောင်၊ စာကြည့်တိုက်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြိုပအဖက ထုတ်ပြန်သည်။ ပိစပ်ကုန်း၊ ခြောက်မူးကျွန်းရွာတို့မှ ပြည်သူများ၏ ဆိုင်ကယ်အစီး ၂၀ခန့်ကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ရေလယ်ကျွန်းဒေသ၌ စစ်ကောင်စီ၏ အကြမ်းဖက်ဆောင်ရွက်မှုများသည် ပြည်သူကိုကာကွယ်စောင့်ရှောက်ရမည့်အစား လက်နှက်မဲ့ပြည်သူလူထုအပေါ် မတရားပြုမူဆောင်ရွက်မှုများဖြစ်သဖြင့် စစ်ပွဲဆိုင်ရာပြစ်မှုကျူးလွန်ခြင်း (စစ်ရာဇဝတ်မှု )မြောက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာခဲ့သည်။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဧပြီ ၂ရက်တွင် လှေခုတ်၊ ခြံယာ၊ မီးလောင်ကျွန်း၊ မိဖုရားရွာ၊ ဧပြီ ၃ရက်တွင် ဖြုံဖူး၊ ဘိုကုန်း၊ တောင်ကုန်း၊ ခြောက်မူးကျွန်း၊ နွားမော့ရွာ၊ ဧပြီ ၄ ရက်တွင် ပိစပ်ကုန်း၊ ဆည်သစ်မြင်၊ သာဂေါင်၊ ကျောက်ဖူး၊ မဲကုန်း၊ ကြွယ်ကုန်းရွာ၊ ဧပြီ ၅ရက်တွင် ကိုင်း၊ ငတရော်၊ တောင်ကုန်း၊ ကံဦး၊ မိုးဖြူ နှင့်မိုးကွဲရွာ၊ ဧပြီ ၆ရက်တွင် ချင်းယား၊ ညောင်ပင်၊ ဝါဘိုး၊ နန်းဦး၊ ရေယှားနှင့် သောင်ရှေ့ကျေးရွာတို့ဖြစ်ပြီး စုစုပေါင်း ကျေးရွာ ၂၇ရွာဖြစ်သည်။


















































