စစ်ကောင်စီထိန်းချုပ်နေသည့်ကြားမှသင်္ကြန်အပြီးတွင် အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၂၁သိန်းခန့်အထိ့ဈေးပြန်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှသိရသည်။
အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၀၄၁,၀၀၀ ဖြင့် ဧပြီ ၈ ရက်က ဈေးပိတ်ခဲ့သော်လည်း သင်္ကြန်အပြီး ၃ ရက်အကြာ စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၇၄,၀၀၀ဖြင့် ဈေးဖွင့်ခဲ့သည်။ ပြင်ပဈေးကွက်တွင် ကျပ် ၂,၀၈၀,၀၀၀အထိ ပေါက်ဈေးရှိနေသည်။
စစ်ကောင်စီကဒေါ်လာကို ၁,၈၅၀ ဖြင့် ၎င်းတို့သတ်မှတ်သောဘဏ်များထံမရောင်းမနေရသတ်မှတ်ထားသော်လည်းပြင်ပဈေးကွက်တွင် ယနေ့ တစ်ဒေါ်လာလျှင်( ၂,၀၀၀)ကျပ်ဝန်းကျင်ဈေးပေါက်သည်။
ဒေါ်လာနှင့်ရွှေဈေးကွက်အပေါ်စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်မူကြောင့် ပြည်တွင်းရွှေဈေးကွက်တွင် သင်္ကြန်အပြီး ၂ ရက်တွင်ဈေးမဖွင့်နိုင်ခဲ့ဘဲ ၃ရက်မြောက်တွင်မှဈေးဖွင့်ရာ အခေါက်ရွှေမှာ ၂၁ သိန်းနီးပါးရှိလာခြင်းဖြစ်သည်။ရွှေဈေးကို စစ်ကောင်စီ အလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းအသင်းကဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေအရောင်း အဝယ်နှင့်ဈေးများကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ရန်လည်း ထုတ်ပြန်ထားသေးသည်။
ယနေ့ရွှေဈေးမြင့်တက်လာခြင်းမှာ ရွှေအဝယ်လိုက်လာခြင်းကြောင့်ဖြစ်ပြီး ကမ္ဘာရွှေဈေးလည်း အနည်းငယ်မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ရှိသင့်တဲ့ ဈေးတော့ တက်မယ့်သဘောရှိတယ်။ တရားဝင်ဈေးကို ထိန်းချုပ်လည်း မှောင်ခိုဈေးကွက်မှာတက်မှာပဲ”ဟု ၎င်းကသုံးသပ်သည်။
စစ်ကောင်စီက နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၈၅၀ကျပ်သတ်မှတ်ခဲ့ပြီး ဒေါ်လာဈေး၊ရွှေဈေးနှင့် စက်သုံးဆီဈေးများကို ထိန်းချုပ်ရန်ကြိုးစားနေခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာလတွင် အခေါက်ရွှေတစ်ကျပ်သားကို ၂,၂၂၀,၀၀၀အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ထိုနောက် ရွှေ၊ဒေါ်လာ နှင့် စက်သုံးဆီဈေးတက်လျှင် လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်း၊အချို့ကိုဈေးကစားသည်ဆိုကာဖမ်းဆီးခြင်း၊ ဈေးကွက်တွင်မည်သို့ပင်ရှိစေကာမူ စစ်ကောင်စီသတ်မှတ်သောနှုန်းအတိုင်းသာအရောင်းအဝယ်ပြုလုပ်စေခြင်းစသောဖိအားပေးခြိမ်းခြောက်သောနည်းများဖြင့် ရေတိုဈေးကျအောင်ပြုလုပ်လေ့ရှိသည်။