ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ်မှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် မန်နေဂျာ စောမိုးဝင်းသည် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)ဖြစ်ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၀ ရက်)တွင် အသိပေးထုတ်ပြန်သည်။
ကြည်း – ၂၆၉၄၁ အသက်(၄၉)နှစ်အရွယ် ဒုမှူးကြီး စောမိုးဝင်း (ငြိမ်း)သည် ပစ်ခတ်ခံရသည့်နေ့၌ပင်သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၁၈ ရက် နံနက် ၈နာရီခွဲခန့်က ဘဏ်ဖွင့်လှစ်ရန်ဘဏ်ရှေ့၌ ကားပေါ်မှအဆင်း နောက်မှလိုက်ပါလာသည့် ယာဥ်တစ်စီးပေါ်မှ ဘဏ်မန်နေဂျာ စောမိုးဝင်းမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။
“ဒုတိယ ဗိုလ်မှူးကြီးစောမိုးဝင်း ရာထူးအမှန်အခုမှပေါ်တယ်”ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့က ဆို သည်။
ကမ္ဘာ့ရတနာဘဏ်သည် အကြမ်းဖက်စစ်အုပ်စု၏ ရှယ်ယာများပါဝင်နေပြီးစစ်အုပ်စုကို အလုပ်အကျွေးပြုနေသော လုပ်ငန်းစုဖြစ်ကြောင်း လက်ရုံးတပ်ဖွဲ့က အသိပေးသည်။
ထို့အပြင် CDM ဆရာ၊ဆရာမများနှင့် ဘဏ်ဝန်ထမ်းများကို ချေးငွေဆပ်ရန် ဖိအားပေးခြင်းနှင့် တရားရုံးတင်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့ကြောင့် ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ Yangon Liberation Force တို့ ပူးပေါင်းကာ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ စောမိုးဝင်းကို ရှင်းလင်းခဲ့သည်ဟု အသိပေးထားသည်။
