ဖားအံမြို့နယ် ဝါးဘိုးတော-ကမမောင်းလမ်းပေါ်မှာရှိတဲ့ ကျေးရွာနှစ်ရွာထဲက ဒေသခံရွာသားအယောက် ၄၀ ကျော်ကို ဧပြီ ၂၉ ရက်ညပိုင်းက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေက ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူ-ဖားအံမြို့နယ် တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။
ဧပြီ ၂၉ ရက်နေ့ ည ၈ နာရီခန့်က ဖားအံမြို့နယ် တံတားဦးကျေးရွာက ရွာသား (၃၅)ဦးနဲ့ ညောင်ကုန်းကျေးရွာက ရွာသား (၈) ဦးကို နယ်ခြားစောင့်တပ် အမှတ်(၁၀၁၄)တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အထမ်းသမားပေါ်တာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ညောင်ကုန်းရွာမှာအခြေချထားတဲ့ BGF ၁၀၁၄ တပ်ရင်းက ဗိုလ်တင်ဝင်းကဦးဆောင်ပြီး ရွာသားတွေကို ပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ဘီးလင်းမြို့နယ် လေးကေနဲ့ ဝင်းတာပန်စခန်းဘက်ကို ဦးတည်သွားရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေဟာ ရွာသားတွေကို အထမ်းသမားပေါ်တာအဖြစ် ခိုင်းစေရုံသာမက ဖမ်းဆီးခေါ်ဆောင်ထားတဲ့ လူငယ်အရွယ်တွေကိုလည်း BGF ယူနီဖောင်းပေးဝတ်ပြီး သေနတ်တွေကို အတင်းအဓမ္မပေးလွယ်ခိုင်းစေတယ်လို့ ကေအဲန်ယူ-ဖားအံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“အတင်းအဓမ္မခေါ်သွားတာပေါ့။ ရွာသားတွေလည်း ထွက်ပြေးလွတ်မြောက်တဲ့လူလည်းရှိသလို ထွက်ပြေးလို့မမှီတဲ့လူတွေလည်း ရှိတာပေါ့နော်။ သတိမထားမိတဲ့အချိန် သူတို့ဝင်ဖမ်းတာပေါ့ ညအချိန်မတော်ပေါ့။ ဗိုလ်တင်ဝင်း ဦးဆောင်ပြီး ဖမ်းသွားတာ” လို့ ကေအဲန်ယူ-ဖားအံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒီကနေ့ ဧပြီ ၃၀ ရက် မနက်ပိုင်းမှာလည်း ဖားအံမြို့နယ် ကျုံခနရွာကျေးရွာဘက်ကိုလည်း BGF တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတာတွေ ထပ်မံလုပ်ဆောင်ခဲ့သေးပြီး ဒေသခံရွာသားတွေကတော့ ကြိုတင်ပြီးသတင်းရထားတာကြောင့်ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
“ဒီညောင်ကုန်းနဲ့ တံတားဦး ဖမ်းဆီးပြီးနောက်ပိုင်းမှာ သူတို့ ဒီမနက်မှာ ဝင်ဖမ်းတာရှိတယ်။ ကျုံခနရွာမှာ ဝင်ဖမ်းတာရှိတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ကြိုပြီးတော့ကြားထားတဲ့ ရွာသားတွေက ထွက်ပြေးလွတ်မြောက်တယ်လို့ကြားရတယ်။ အခုသူတို့ဦးတည်ဘက်မှာရှိနေတဲ့ ရွာတွေကတော့ ယောကျာ်းလေးတွေကျတော့ တိမ်းရှောင်ရတာပေါ့”လို့ ကေအဲန်ယူ-ဖားအံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
BGF တပ်ဖွဲ့အနေနဲ့ အခုလို မဆိုင်တဲ့ပြည်သူလူထုအပေါ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့လုပ်ရပ်မျိုး လုပ်ဆောင်တာဟာ ကိုယ့်လူမျိုးအပေါ် ဖိနှိပ်ချုပ်ပြီး မတရားလုပ်တာဖြစ်တယ်လို့ ကေအဲန်ယူ-ဖားအံမြို့နယ် တာဝန်ရှိသူတစ်ဦးက ထပ်မံဖြည့်စွက်ပြောဆိုပါသေးတယ်။
” ဘီဂျီအက်ဆိုတာကတော့ ကရင်လူမျိုးပဲလေ။ သူတို့ ကိုယ်လူမျိုးကို ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်လူမျိုးကို ဖိနှိပ်ချုပ်ချယ် ဒါမတရားရာကျတာပေါ့နော်။ မဆိုင်တဲ့ပြည်သူကို ဖမ်းခေါ်သွားတဲ့အတွက်ကြောင့် မလုပ်သင့်တဲ့အရာပေါ့နော်။ ဥပမာ-ရန်သူကိုပဲ အဓိကထားပြီးတော့ သူတို့သတ္တိရှိရင်တော့ တိုက်ပေါ့နော်။ မဆိုင်တဲ့ပြည်သူကို ရိုးရိုးသားသားလုပ်စားတဲ့ပြည်သူကိုတော့ ဖမ်းခေါ်သွားတာမျိုးတော့ ဘယ်အဖွဲ့အစည်းမှ လိုလားတာမရှိဘူး” လို့ ကေအဲန်ယူ-ဖားအံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါသေးတယ်။
တံတားဦး ညောင်ကုန်း ကျုံခနကျေးရွာတွေဟာ ကေအဲန်ယူ-ဒူးသထူခရိုင် ဖားအံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းမှာတည်ရှိပြီး အဲ့ဒီနယ်မြေတွေအတွင်းမှာ KNLA တပ်ရင်း ၁ နဲ့ စစ်ကောင်စီ BGF တပ်တွေအကြား စစ်ရေးတင်းမာမှုတွေလည်း မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။