တရားစီရင်ရေးကိစ္စရပ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနသည် မြို့နယ် ၁၇ မြို့နယ်ရှိ မြို့နယ်တရားသူကြီးအဖွဲ့များနှင့် ယမန်နေ့(ဧပြီ ၃၀ရက်)က ဆွေးနွေးခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်များနယ်မြေစိုးမိုးမှု ရရှိထားသော ဒေသများတွင် တရားဥပဒေစိုးမိုးမှုဖော်ဆောင်ရေးအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့်ကိစ္စရပ်များကို Zoom meeting ဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
လတ်တလောအခြေအနေအရ တရားရုံးများတည်ထောင်ရန်နှင့် တရားသူကြီးအဖွဲ့များဖွဲ့စည်းနိုင်ရေး အခက်အခဲများစွာရှိနိုင်သော်လည်းကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားသွားသည်။
အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အကြံပေးပုဂ္ဂိုလ်ဦးလှိုင်ဘွား၊ အတွင်းဝန် ဦးမင်းနောင်ခိုင်၊ တရားစီရင်ရေး ဖော်ဆောင်မှု နှင့် တရားရုံးများ စောင့်ကြည့်ထိန်းညှိရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူ၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယအတွင်းဝန် ဦးမျိုးအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြို့နယ် ၁၇ မြို့နယ်ရှိ မြို့နယ်တရားသူကြီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Public Service Announcement
စစ်အာဏာရှင်ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် တရားသူကြီးအချို့သည် စစ်ကောင်စီထိန်းချုပ်၍မရသော မြို့နယ်အချို့တွင် နေထိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ တရားစီရင်ရေးဖော်ဆောင်မှုဆိုင်ရာ မူဝါဒအကောင်အထည်ပေါ်အောင် ကြိုးစားနေကြသည်။
တရားစီရင်ရေးဖော်ဆောင်မှုနှင့် တရားရုံးများ စောင့်ကြည့်ထိန်းညှိရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက”သေနတ်နဲ့ထောက်ပြီး လုယူထားတဲ့ စီရင်ပိုင်ခွင့်အာဏာမဟုတ်ဘူး။ယုံကြည်ကိုးစားမှုကို အရင်းပြုထားတဲ့ စီရင်ပိုင်ခွင့်အာဏာ။အောင်မြင်ပါ့မလားဆိုပြီး လုပ်တာမဟုတ်ဘူး။အောင်ကိုအောင်မြင်ရမယ်ဆိုပြီး လုပ်တာ”ဟု အထက်ပါအစည်းအဝေးနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားသည်။
