ဖမ်းဆီးခံရထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲပြီး စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို တရားရုံးမှာ ချုပ်ရက်ရမန်ယူထားတယ်လို့သိရပါတယ်။
ဒါအပြင် PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုကာ ထောင်တသက်ချနိုင်တဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့လည်းအမှုဖွင့်ထားပါတယ်။
ဒေါ်ရွက်နုအောင် ဖမ်းဆီးခံလိုက်ရတဲ့အတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့အမှုကို ရှေ့နေအဖွဲ့မှာပါဝင်တဲ့အခြားသော ရှေ့နေတွေက ဆက်လက်တာဝန်ယူသွားမယ်လို့သိရပါတယ်။

Public Service Announcement
အသက် ၄၃ နှစ်အရွယ် ရှေ့နေဒေါ်ရွက်နုအောင်ဟာ အာဏာသိမ်းမှုအပြီး စစ်တပ်က ဖမ်းဆီးတရားစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဖြစ်ပါတယ်။
ဒါအပြင် မန္တလေးတိုင်း NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပါသေးတယ်။
အာဏာမသိမ်းခင်ကာလတွေတုန်းက ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့သူဖြစ်သလို မြန်မာနောင်းမ် အယ်ဒီတာ ကိုဆွေဝင်းကို အမျိုးသားရေးလှုပ်ရှားသူလို့ဆိုသူတွေက မန္တလေးမှာ တရားစွဲချိန်ကလည်း ကိုဆွေဝင်းဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။


















































