အိန္ဒိယမှာ တရားသူကြီးချုပ်ကို ရှေ့နေ တစ်ဦးက ဖိနပ်နဲ့ ကောက်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၆ ရက်နေ့တန်းက ဒေလီမှာ ဟိန္ဒူ ဘာသာရေးနဲ့ ပတ်သက်လို့ တရားသူကြီးချုပ် ဘူရှန် ရာမက်ခ်ရစ်ရှ်နာ ဂါဗိုင်ရဲ့ မှတ်ချက် စကားတွေကို မကျေနပ်လို့ ရှေ့နေက ဖိနပ်နဲ့ ပေါက်ခဲ့တာလို့ ဆိုပါတယ်။ အိန္ဒိယမှာတော့ ဖိနပ်နဲ့ ပေါက်တယ် ဆိုတာဟာ ပုဂ္ဂိုလ်ရေးအရ အပြင်းထန်ဆုံး စော်ကား ထိုးနှက်မှုတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ လုံခြုံရေး ရှုထောင့်က ကြည့်ရင်လည်း လစ်ဟာမှုကြီး တစ်ခုလို့ ဝေဖန် ထောက်ပြမှုတွေ ပေါ်လာပါတယ်။
တရားခွင် တစ်ခုထဲမှာ ရှိနေချိန် ဂါဗိုင်နဲ့ တခြား တရားသူကြီး တစ်ဦးစီကို ဖိနပ်တစ်ဖက် ပျံဝဲသွားပြီး သူတို့ရဲ့ နောက်ဖက်နားဆီ ကျသွားတာကို မြင်ခဲ့တယ်လို့ ရှေ့နေ ၃ ဦးက ဆိုပါတယ်။ ဖိနပ်နဲ့ ပေါက်ခဲ့သူကတော့ ရာကက် ကာရှိုရီဆိုတဲ့ ရှေ့နေပါ။ ဟိန္ဒူဘာသာရေးကို စော်ကားနေတာတွေအပေါ် အိန္ဒိယက သည်းခံမှာ မဟုတ်ဘူးလို့ အော်ပြောနေခဲ့သေးကြောင်းလည်း မျက်မြင်တွေက ဆိုပါတယ်။ ဒီဖြစ်ရပ်အပြီး ကာရှိုရီရဲ့ ရှေ့နေ လုပ်ပိုင်ခွင့်တွေ ဆိုင်းငံ့ ခံထားရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မထုတ်ပြန်ပေမယ့် တရားသူကြီးချုပ် ဦးဆောင်တဲ့ ဘာသာရေးနဲ့ ပတ်သက်လို့ အဆိုပြုချက် တစ်ခုကို ပယ်ချခဲ့တာနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ တရားသူကြီးချုပ်ဟာ ဟိန္ဒူ နတ်ဘုရား တစ်ပါးဖြစ်တဲ့ ဗိဿနိုး နတ်မင်းနဲ့ ပတ်သက်တဲ့ မှတ်ချက်တချို့လည်း ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့လက မက်ဒ်ဟယာ ပရာဒက်ရှ် ပြည်နယ်မှာ ၇ ပေ အမြင့်ရှိတဲ့ ဗိဿနိုးနတ်မင်း ရုပ်တု တည်ဆောက်ရေး အဆိုတစ်ခုနဲ့ ပတ်သက်ပြီး ဂါဗိုင်က ပယ်ချခဲ့ရာမှာ ဒီကိစ္စဟာ လူစိတ်ဝင်စားအောင် တရားစွဲတာမျိုးလို့ ဝေဖန်ခဲ့ပြီး နတ်ဘုရားကိုယ်တိုင် ကိုယ့်ကိစ္စ ကိုယ်ရှင်းဖို့ သွားတောင်းဆိုသင့်ကြောင်း ပြောခဲ့ပါတယ်။ ဒီစကားကို မကျေနပ်တာကြောင့် အဲဒီ ကိစ္စနဲ့ မဆိုင်တဲ့ သီးခြား တရားခွင် တစ်ခုမှာ ကာရှိုရီက ဂါဗိုင်ကို ဖိနပ်နဲ့ ပေါက်ခဲ့တာလို့ ဆိုပါတယ်။
ကာရှိုရီကို တရားရုံး လုံခြုံရေး ဝန်ထမ်းတွေက ဖမ်းခေါ်ထုတ်သွားပြီးတဲ့ အချိန်မှာ ဂါဗိုင်ကတော့ အေးအေးဆေးဆေးပဲ ရှိနေခဲ့ပြီး တခြားရှေ့နေတွေကို အာရုံ မလွင့်ကြဖို့၊ အပြန်အလှန် အဆိုတွေ တင်သွင်းကြဖို့ သက်တောင့်သက်သာပဲ လှမ်းပြောခဲ့တယ်လို့ မျက်မြင်တွေက ပြောကြားသွားပါတယ်။
ဖိနပ်နဲ့ အပေါက်ခံရတဲ့ ဖြစ်စဉ်ကို ဂါဗိုင်က လူသိရှင်ကြား တစ်ခုခု ထုတ်ပြောတာမျိုး မရှိခဲ့ပါဘူး။ ကာရှိုရီကို သီးခြားစွဲချက်တွေ တင်ဖို့လည်း မရှိဘူးလို့ အာဏာပိုင်တွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
ကိုးကား: BBC
















































