ဂျပန်စွမ်းအင်ကုမ္ပဏီကြီး ENEOS Holdings Inc က မြန်မာနိုင်ငံတွင်နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နှုတ်ထွက်မည်ဟု တနင်္လာနေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။
Eneos ကုမ္ပဏီ၏ လက်အောက်ခံ JX Nippon Oil & Gas Exploration ကော်ပရေးရှင်းက ၎င်း၏ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ၏ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းရှိ လုပ်ဖော်ကိုင်ဖက်များကို ဧပြီ ၂၉ ရက်က အကြောင်းကြားခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
JX Nippon Oil & Gas Exploration သည် ရဲတံခွန် စီမံကိန်းတွင် အစုရှယ်ယာ ၁၉.၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။
လူမှုရေးပြဿနာများ အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ဓာတ်ငွေ့စီမံကိန်း၏ နည်းပညာဆိုင်ရာ အကဲဖြတ်မှုအပေါ် အခြေခံ၍ စီမံကန်းမှ နှုတ်ထွက်ခြင်းကို ထည့်သွင်းစဉ်းစားခဲ့သည်ဟု Eneos ကဆိုသည်။
Eneos ၏ ထုတ်ပြန်ချက် အရ အဆိုပါ နှုတ်ထွက်မှုသည် စစ်ကောင်စီခွင့် ခွင့်ပြုချက် ရပြီးပါက အကျိုးသက်ရောက်မည် ဖြစ်သည်ဟုဆိုထားသည်။
ယခုတစ်ပါတ်အတွင်းတနင်္သာရီကမ်းလွန်ရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ အော်ပရေတာအဖြစ်ဆောင်ရွက်နေသည့် မလေးရှားအစိုးရပိုင် Petronas ကုမ္ပဏီနှင့် ထိုင်းအစိုးရပို PTTEPတို့က နှုတ်ထွက်ရန် ကြေညာပြီးနောက် ဂျပန်ကုမ္ပဏီကပါ နှုတ်ထွက်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။
ရဲတံခွန်စီမံကိန်း ၂၀၀၃ခုနှစ်တွင်စတင်ခဲ့ပြီး Petronasက ရှယ်ယာ ၄၀ ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကရှယ်ယာ ၂၀ဒသမ ၅ရာခိုင်နှုန်းနှင့် Eneos နှင့် PTTEPတို့က ရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်းစီပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ရဲတံခွန်စီမံကိန်းသည် ဓာတ်ငွေ့ထုတ်လုပ်မူလျော့ကျနေခြင်းကြောင့် ၂၀၂၃တွင် စီမံကိန်းရပ်ဆိုင်းရန် စီစဉ်ထားခြင်းဖြစ်သည်။
ထိုကြောင့် သဘာဝဓါတ်ငွေ့တူးဖော်ထုတ်နေသောနိုင်ငံတကာကုမ္ပဏီကြီးများ စစ်တပ်အာဏာသိမ်းမှုနှင့်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နှုတ်ထွက်မှုပိုမိုများပြားလာသည်။စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်ရေနံကုမ္ပဏီ Chevron၊ ပြင်သစ်ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့်ကုမ္ပဏီတို့ကိုကလည်း မြန်မာ့ရှိလုပ်ငန်းများက နှုတ်ထွက်ထားသည်။