▪️လက်မှတ်များကုန်သည်အထိ ဝယ်ယူပေးကြရန် တောင်းဆို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော ထီးကို ရောင်းချ၍ ရံပုံငွေရှာဖွေသည့် ကိမ်ပိန်း ၁၁ရက်အတွင်း လက်မှတ်အစောင်ရေ ၃၆,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
အဆိုပါထီးကမ်ပိန်းကို “1 Million in 1 Month” ဟု ခေါင်းစဥ်ပေးထားပြီး လက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ် ၁၀ နှုန်းသတ်မှတ်၍ လက်မှတ်စောင်ရေ တစ်သိန်းရောင်းချရန် စီစဥ်ထားကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ၁၁ ရက်အတွင်း လက်မှတ်စောင်ရေ ၃၆,၀၀၀ ကျော်ရောင်းရပြီးဖြစ်၍ ရည်မှန်းချက်၏ ၃၆ ရာခိုင်နှုန်းရထားပြီဖြစ်ပြီး တစ်လအတွင်း ရည်မှန်းချက်ပြည့်မီမည်ဟု ယုံကြည်ကြောင်း ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

Public Service Announcement
“ကမ်ပိန်းစကတည်းကတော့ ပြည့်မီမယ်လို့ ယုံကြည်ပြီး လုပ်ခဲ့ကြတာဆိုတော့ ခုချိန်ထိလည်း အချိန်မီပြည့်မယ်လို့တော့ စီစဉ်သူတစ်ယောက်အနေနဲ့ ယုံကြည်ထားဆဲပါ။ အခက် အခဲအားဖြင့်တော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ခုချိန်ဟာ ကန်ပိန်းတွေလည်းများတဲ့အတွက် ဘယ်ခေါင်းစဉ်နဲ့ လာလာ၊ တက်တက်ကြွကြွပါဝင်ပေးကြတဲ့ ပြည်သူတွေကိုလည်း အားနာမိပါတယ်”ဟု ၎င်းက ဆိုသည်။

နွေဦးတော်လှန်ရေးကာလတွင် ရံပုံငွေရရှိနိုင်မည့် ကမ်းပိန်းအစီအစဥ်များ လုပ်ဆောင်လျက်ရှိရာ တစ်ခုနှင့်တစ်ခု အချိန်လေးခြားပြီး ညှိုနှိုင်းကျင်းပကြမည်ဆိုလျင် ပြည်သူလည်း ဝန်မပိ၊ ကမ်ပိန်းတိုင်းလည်း ပိုမိုအောင် မြင်နိုင်မည်ဟုယူဆကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ ထီးကမ်ပိန်းမှ ရရှိလာမည့် ရံပုံငွေများ၏ ၇၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်သည့်ဒေသများ၏ ကြားကာလအုပ်ချုပ်ရေးတွင် အသုံးပြုမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို တော်လှန်ရေးဆင်နွှဲနေသော မြေပြင်အဖွဲ့အစည်းများထံ ချိတ်ဆက်လှူဒါန်းမည်လည်း ဖြစ်သည်။


















































