Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံရေးဆွေးနွေးလိုပါက စစ်ကောင်စီအနေဖြင့် တရားမဝင်အာဏာသိမ်းမှုကို စွန့်လွှတ်ကြောင်းကြေညာရမည်ဟု KNU အသိပေး

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်နေ့တွင် တရားဝင်တုံ့ပြန်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

▪️စစ်တပ်နိုင်ငံရေး၌ မပါ၀င်ရခြင်းအပါအဝင် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်အသစ် လိုအပ်ချက်များ ထုတ်ပြန်ကြေညာ

ထို့အပြင် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်အသစ် အတွက်လိုအပ်သည့် အချက် အလက်များကို KNUက ထုတ်ပြန်ခဲ့ရာ ဆွေးနွေးဖက်များအကြား နိုင်ငံရေးစိတ်ဆန္ဒရှိမှု ကို အခြေခံ၍ ပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာခြင်း၊ နက်ရှိုင်းစွာအမြစ်တွယ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းခြင်း၊ အာဏာရှင်စနစ်ချုပ်ငြိမ်းခြင်း၊ တပ်မတော်မှ နိုင်ငံရေးတွင် မပါဝင်တော့ခြင်းနှင့်အတူ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုကို လက်ခံခြင်းတို့ လိုအပ်ကြောင်း အသိပေးထားသည်။

ထို့ပြင် အပြန်အလှန်လေးစားအသိအမှတ်ပြုပြီး တန်းတူညီမျှမှု နှင့် တရားမျှတမှန်ကန်သည့် ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးလိုခြင်း စသည့် မျှဝေထားသော စံတန်ဘိုးများကို ဦးထိပ်ထားခြင်းတို့အပြင် အဆင့်ဆင့်သော ဆွေးနွေးမှုများတွင် နိုင်ငံတကာ၏ပါဝင်မှု အခန်းကဏ္ဍကို လေ့လာသူများအဖြစ်သော်လည်းကောင်း၊ အကျိုးဆောင်ပံ့ပိုးသူများအဖြစ်သော်လည်းကောင်း သက်သေများအဖြစ်သော်လည်းကောင်း နည်းပညာနှင့် အရင်းအမြစ် အထောက်အကူပြုမှုတို့တွင် ပါဝင်ရမည်ဖြစ်ကြောင်း KNUက ထုတ်ပြန်ကြေညာသည်။

“ဒီဟာတွေလက်ခံနိုင်ပြီဆိုရင် အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာသူတို့ဆွေးနွေးမယ်။ ဒါတွေမပါဘဲနဲ့ ကျွန်တော်တို့ဆွေးနွေးဖို့ အရမ်းခက်တယ်။နောက်ဆုံးအချက်က ဘာလဲဆိုတော့ ဒီလိုတရားမဝင် အာဏာသိမ်းနေတဲ့ကိစ္စကို တရားဝင်စွန့်လွှတ်ကြောင်း၊ ဆိုလိုတာက ငါလုပ်ခဲ့တာ အကုန်လုံးမှား တယ်ဆိုတာ တရားဝင်ကြေညာရမယ်။နောက်ပြီးတော့ ဒီနေရာကနေ အကုန်လုံးဆုတ်ခွာပေးရမယ်။ ဒါတွေလုပ်နိုင်မှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်နိုင်မှာဖြစ်တယ်။အဲဒါ ကျွန်တော်တို့ရဲ့ခံယူချက် ရပ်တည်ချက် အခိုင်အမာဖြစ်တယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ပြောဆိုခြင်းသည် အားလုံးကို ပိတ်ဆို့ပြီးပြောနေခြင်းမဟုတ်ဘဲ လက်ရှိကာလ၌ စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်၊ နှိပ်စက်၊ သတ်ဖြတ်မှုများကြောင့် ဒုက္ခကြုံနေရသည့် သန်းနှင့်ချီသည့် ပြည်သူလူထုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စကိုအရေးယူဆောင်ရွက်ရန် စစ်ကောင်စီအနေဖြင့်ပထမအဆင့် ဆွေးနွေးနိုင်ကြောင်း ပဒိုစောတောနီးက ပြောသည်။

“ဒါပေမဲ့ ဒီနိုင်ငံရေးကိစ္စက လုံး၀ဆွေးနွေးလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကတရားမဝင်တဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ ဆွေးနွေးစရာအကြောင်းမရှိဘူး။ အဲဒါကြောင့်မို့လို့ချုပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ မသွားရဲတာမဟုတ်ဘူး ဆယ်ပြန်မကသွားရဲတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ။ ဒါပေမဲ့ ဒီလို ဒီအချိန်ကာလမျိုးမှာ စစ်ကောင်စီက ဘယ်လိုနိုင်ငံရေးဆွေးနွေးပွဲမျိုးမှ မထိုက်တန်ဘူးဆိုတာ ဒါကိုပြောချင်တယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

KNUသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ပဋိပက္ခများတို့ကို ငြိမ်းချမ်းစွာ အဖြေရှာခြင်းအား အစဉ်တစိုက် ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အမြဲတမ်း နည်းလမ်းရှာဖွေနေကြောင်း ထုတ်ပြန်သည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကိုရရှိအောင်ကြိုးစားခဲ့ပြီး သက်ဆိုင်ပတ်သက်သူများ ပါဝင်လျက် ကတိကဝတ်ပြု လက်မှတ်ရေးထိုးပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အားကြိုးမာန်တက် ပါဝင်ခဲ့ခြင်းနှင့်အတူ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂) ၊(၃) တို့ကို ရယူစေကာ ငြိမ်းချမ်းရေး လိုလားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်ဟု ယခင်က ဆောင်ရွက်ခဲ့မှု အခြေအနေ များကို မီးမောင်းထိုးဖော်ပြထားသည်။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့သည့် သမိုင်းသင်ခန်းစာများစွာ ရရှိခဲ့ကြောင်းလည်း KNUက ဆိုသည်။

နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်လိုသည့် သက်ဆိုင်ပတ်သက်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာသည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြစ်ရမည် ဟု KNUက ထုတ်ပြန်သည်။

ယခု စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ကြားမှုသည် ကန့်သတ်ဖိတ်ကြားမှု ပုံစံဖြစ်နေပြီး သက်ဆိုင်ပတ်သက်သူ များအားလုံးပါဝင်ခြင်းမရှိသည့်အတွက် ဖိတ်ကြားမှုတွင် မျှော်မှန်းထားသကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို မရနိုင်သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများလည်း ချုပ်ငြိမ်းနိုင်မည် မဟုတ်ဟု ရှုမြင်သုံးသပ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း KNU၏ တုံ့ပြန်ကြေညာခဲ့သည်။

ယုံကြည်မှုတည်ဆောက်ရေးသည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံတခု ဖြစ်သည့်အတွက် ပြည်သူလူထုအားလေးစားတန်ဘိုးထားလျက် မငြိမ်းချမ်းမှုနှင့် ပဋိပက္ခ ကို ဖြစ်ပေါ်စေသော စစ်ပွဲများ အကြမ်းဖက် တိုက်ခိုက်ခြင်းများ၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်းများ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းများ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများတို့ကို ရပ်တန့်ရမည်ဖြစ်ကြောင်းလည်း KNU၏ ကြေညာချက်၌ ဖော်ပြထားသည်။

လက်ရှိအခြေအနေသည် နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော တိုက်ပွဲများ စစ်ပွဲများကြောင့် ပြည်သူလူထုများ တို့သည် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ဖန်တီးဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ လတ်တလောကာလအတွင်း စစ်ကောင်စီနှင့် ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းမှုသည် ပြည်သူလူထုအတွက် လူသားချင်းစာနမှု ဝင်ရောက်ခွင့်နှင့် အရေးပေါ် အကူအညီပေးရေးဆိုင်ရာ ဆွေးနွေးပွဲများအတွက်သာဖြစ်ရမည် ဖြစ်ကြောင်း KNUက အသိပေးထားသည်။

ထို့အပြင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေသည့် နိုင်ငံအတွင်း ဘာသာရေးယုံကြည်မှု၊ တိုင်းရင်းသားလူမျိုးများ၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ပထဝီ ၊ ဒေသန္တရ၊ စုံလင်ကွဲပြားမှုများစွာ ဖြစ်တည်ရှိသည့်အတွက် ဖက်ဒရယ်ဒီမိုကရေစီကျင့်စဉ်များ၊ အာဏာခွဲဝေမှုများ၊ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်များ၊ လွတ်လပ်ခွင့်များ၊တို့အား စနစ်တကျ ထူထောင်ခြင်း၊ လက်တွေ့ကျင့်သုံးခြင်းဖြင့်သာလျင် မှန်ကန်မျှတသည့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။