ချောင်းဦးမြို့မှထွက်လာသော အင်အားအများပါစစ်ကောင်စီတပ်၏ ၁၂ ဘီးယာဥ်တစ်စီးကို ညီနောင်မဟာ မိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး ပစ်မိုင်း ၁၃လုံးဖြင့် တိုက် ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF (CHU)က ယနေ့(ဇူလိုင် ၁)ထုတ်ပြန်သည်။
ယနေ့နံနက် ၇ နာရီ ၅၀ခန့်က ချောင်းဦး-မြင်းမူ ကားလမ်းပိုင်း၊ ဂွေးပင်တောကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားအင်အားအပြည့်တင်လာသော (၁၂)ဘီးခေါင်းပြာတစ်စီးကို Farmers Revolution Force FRF (CHU)တပ်ရင်းမှ ဦးဆောင်ပြီး မြောင်မြို့နယ်တော်လှန် ရေးတပ် (MRA)၊ Myaung PDF CDSOM၊ Zarmini MMU (စစ်ကိုင်းတပ်ရင်း-၁) ညီနောင်မဟာ မိတ်တို့မှ ပစ်မိုင်း(၁၃)လုံးဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ချောင်းဦးဘက်ကနေ ထွက်သွားတဲ့ဟာကို ဆွဲလိုက်တယ်ပေါ့။ သူက ၁၂ ဘီးကားနဲ့ အင်အားများတယ်ဗျ။ အကောင်ရေကတော့ အခုကျွန်တော်တို့ စာတွေစီပြီးတော့ စိစစ်နေတုန်းပဲ။ အတိအကျလုပ်ရတာပေါ့။ အဲတော့ စာရင်းအတိအကျရဖို့ နည်းနည်းစောင့်ရဦးမယ်။ အရေအတွက်များတယ်လို့ပဲ ပြောနိုင်သေးတယ်”ဟု FRF(CHU)မှ ရဲဘော်တစ်ဦးက ပြောသည်။
မဟာမိတ်ညီနောင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၁၂ ဘီးယာဥ်မှာထိုးရပ်သွားပြီး စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း ဖော်ပြထား သည်။

Public Service Announcement
ပြီးခဲ့သည့် ဇွန် ၂၄ ရက်ကလည်း ချောင်းဦးမြို့ နယ်အရှေ့ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်များကားချိန်းနေစဥ် ညီနောင်မဟာမိတ်အဖွဲ့များက အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးခဲ့ဖူးသည်။


















































