ပထမဆုံးစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဟုဆို
မကွေးတိုင်းရှိ PDFတပ်ပေါင်းစုများက ‘Operation Zayar Thaw’ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ခု ပေါက်မြို့နယ်တွင် စတင်လိုက်ကြောင်း PDF Pauk တပ်ရင်း (၄)က ယနေ့(ဇူလိုင် ၂၆) တွင် အသိ ပေးထုတ်ပြန်သည်။
အဆိုပါ PDF တပ်ပေါင်းစုတွင် ပေါက်တောင်ပိုင်း ပြောကျားတပ်-SPGF ၊ YDF Saw မှ တပ်ရင်း – ၉ နှင့် ၁၀၊ Yenangyang PDF တပ်ရင်း (၇၁၂) ၊ PPC Pauk PDF မှ တပ်ရင်း -၄ နှင့် တပ်ရင်း -၆ ၊ CAF -SPUPDF နှင့် Young Revolution Front – YRF တို့ပါဝင်ပြီး ပထမဆုံးစစ်ဆင်ရေးအဖြစ် ပေါက်မြို့နယ် တပ်ကုန်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ယနေ့နံနက် ၅ နာရီခွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ပျူစောထီးများကြီးစိုးသည့် တပ်ကုန်းရွာတိုက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီအထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ရာ သေနတ်တစ်လက်၊ Usi ကျည် ၂၄ တောင့်၊ G-3ကျည် သုံးတောင့်၊ 5.56 ကျည် ၆၉ တောင့်၊ ကပစ – ၁၂ ကျည် ၂၉ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး အသီးသီးဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
“သူရဲကောင်းလေးတင် မကပါဘူး။ နွေဦးတော် လှန်ရေးမှာ အသက်ပေးလှူတဲ့ ညီအစ်ကိုတွေ အားလုံးအတွက်(ဒီစစ်ဆင်ရေးကိုစတင်တာ)ပါ။ အကြောက်တရားနဲ့ခြောက်လို့ကြောက်မဲ့ တော်လှန်ရေးမဟုတ်ဘူး။ ပြည်သူ့ဆန္ဒကို အလေးထားပြီး အပြီးတိုင် တော်လှန်သွားမှာပါ”ဟု PDF Pauk တပ်ရင်း (၄)မှ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
၎င်းတို့တပ်ပေါင်းစုအနေဖြင့် Operation Zayar Thawဟု အမည်ပေးထားသည့် စစ်ဆင်ရေးများ ဆက် တိုက်လုပ်ဆောင်သွားရန် စီစဥ်ထားကြောင်း အထက်ပါရဲဘော်က သတင်းစကားပါးသည်။


















































