အောက်တိုဘာ -၃၀၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ၀င်လာတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်တန်း အသေခံဒရုန်းတွေနဲ့ တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂ )ကနေ ပေါက်မြို့နယ်၀င်လာတဲ့ အစီးရေ ၃၀ ၀န်းကျင်ပါတဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက အသေခံဒရုန်း၊ရှေ့ထွက်မိုင်းတွေနဲ့ ဒီကနေ့ အောက်တိုဘာ ၃၀ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဒရုန်းနဲ့တိုက်ခိုက်တာ ကား ၂ စီးမီးလောင်သွားတယ်။ရှေ့ထွက်မိုင်းကြောင့် ၂ စီးထိတယ်။ထိတာတွေ လည်း များတယ်။အရေအတွက်တော့စုံစမ်းဆဲ။ ကပစ(၂၂)ဘက် ပြန်သယ်တယ်”လို့ ပေါက်မြို့နယ်တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement
ယာဉ်တန်းတိုက်ခံရမှုတွေကြောင့် စစ်တပ်က ပေါက်မြို့နယ် အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေသလို ညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုတွေရှိနေတယ်လို့ သူက အသိပေးပါတယ်။
“စစ်ကြောင်းက ချက်ကန်ရွာရဲ့မြောက်နား ပေါက်-ဆိပ်ဖြူ -ပုသိမ်- မုံရွာ လမ်းဆုံမှာ။တိုက်ခံရတဲ့ ယာဉ်တန်းကို ပြန်စောင့်နေတဲ့ အခြေအနေရှိတယ်”လို့ ပေါက်နယ်တောင်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဆိပ်ဖြူ ကပစ(၂၂)လက်နက်စက်ရုံက ၂၉ စီးပါယာဉ်တန်းနဲ့ အင်အား ၃၀၀ ကျော်ဟာ ပေါက်မြို့နယ်တောင်ပိုင်းကို အောက်တိုဘာ ၂၈ ရက်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။
အင်အားအလုံးအရင်းနဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော်ဟာ တိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းနဲ့ နီးစပ်ရာရွာတွေဖြစ်တဲ့ သပြေရေ၊ချက်ကန်၊ မှန်ထောင်ကွင်း၊ တယ်ပင်ကန်နဲ့ ပေခုနှစ်ပင်ကျေးရွာတွေက အိမ်ထောင်စု ၁၂၀၀ ၀န်းကျင် လူဦးရေ ၆၅၀၀ နီးပါး ဘေးလွတ်ရာ ယာယီစစ်ဘေးရှောင်နေရတယ်လို့ အသိပေးပါတယ်။
အဲဒီယာဉ်တန်းနဲ့ အင်အားတွေက ပေါက်မြို့နယ် ကပစ(၂၄ )ကို အင်အားဖြည့်နိုင်တယ်လို့ ပေါက်မြို့နယ်က်မြို့နယ်စစ်ရေးသတင်းရင်းမြစ်တချို့က ကနဦးသုံးသပ်ချက်ထားပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပြီး အဲဒီကနေ ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒါ့အပြင် ပေါက်မြို့အရှေ့ဘက်ခြမ်း မြိုင်မြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာရေနံ မြေဒေသကိုလည်း စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ နှစ်လနီးပါးကြာ ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။
ဒါကြောင့်လည်း ပေါက်မြို့နယ်မြောက်ပိုင်း အစပ်မှာရှိကြတဲ့ ကန်သစ်ရွာ၊ နယ်သတ်ရွာ၊ ဆုံကုန်းရွာနဲ့ ကြက်ဆူအိုင့်ရွာတွေက ဒေသခံ သုံးထောင်ကျော်ဟာသုံးလ ကျော်ကြာတဲ့အထိ စစ်ဘေးရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးထားပါတယ်။
ပေါက်နဲ့ မြိုင်ဒေသအစပ်မှာ စစ်တပ်ကနေ့စဥ် စစ်ကြောင်းထိုး မီးရှို့တာအပြင် ဂျက်ဖိုက် တာ ၊ Y- 12 ၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာ တွေနဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာကြောင့်ဒေသခံတချို့ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။




















































