Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများသည်လွန်ခဲ့သည့် ၃၄ နှစ်ကတည်းက အသက်များ၊ ဘ၀များ ရင်းကာ မိမိခန္ဓာများ၊ ဘ၀များ လောင်မြိုက်ခံကာ ဒီမိုကရေစီအလင်းရောင်ကိုထွန်းညှိခဲ့ဟု ဦးမင်းကိုနိုင်​ပြောကြား

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ခြင်းသည် ကမ္ဘာတွင် အာဏာရှင်များ ကျဆုံးခြင်းအတွက် နမူနာကောင်းဖြစ်လိမ့်မည်ဟုလည်း ဦးမင်းကိုနိုင်က ပြောသည်။

ဦးမင်းကိုနိုင်
ဦးမင်းကိုနိုင်

●မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ခြင်းသည် ကမ္ဘာတွင် အာဏာရှင်များ ကျဆုံးခြင်းအတွက် နမူနာကောင်းဖြစ်လိမ့်မည်

မြန်မာပြည်သူများသည် ခေတ်အဆက်ဆက်တိုက်ပွဲတိုင်း၌ တာဝန်ကျေခဲ့ပြီး လွန်ခဲ့သော ၃၄ နှစ် ကတည်းက ဒီမိုကရေစီကို တစိုက်မတ်မတ် ဇွဲသန်စွာ ရွေးချယ်တောင်းဆိုခဲ့ကြောင်း ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

ယနေ့ကျရောက်သော ၃၄ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားကို အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ကျင်းပစဉ် အထက်ပါ ၈၈ မျိုးဆက်ခေါင်းဆောင်က မြန်မာ ပြည်သူများသည် အသက်များ၊ ဘ၀များ ရင်းကာ မိမိခန္ဓာများ၊ ဘ၀များ လောင်မြိုက်ခံကာ ဒီမို ကရေစီအလင်းရောင်ကို ထွန်းညှိပြခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။

“ဒါကို ဒီကနေ့ ကမ္ဘာ့ဒီမိုကရေစီ ရပ်ဝန်းကြီးကို အော်ဟစ်ပြီး ပြောချင်ပါတယ်။ မြန်မာဟာ ၁၉၈၈ ကတည်းက ဒီမိုကရေစီတာထွက်ခဲ့တာ၊ တာထွက်စောခဲ့ဖူးတယ်။ ကမ္ဘာကြီးခင်ဗျာ ဆယ်စုနှစ်တွေ အလီလီချီပြီး၊ ကြာပြီး ပေးဆပ်ခဲ့တဲ့၊ စတေးခဲ့တဲ့ ပြည်သူတွေရဲ့ အသက်တွေ၊ ဘ၀တွေဟာ လုံလောက်ဖို့သင့်ပါပြီ” ဟု ၎င်းကဆက်​ပြောသည်။

ကမ္ဘာကြီးအနေဖြင့် စိုးရိမ်ကြောင်း၊ ဝမ်းနည်းကြောင်းစာများ ထုတ်ပြန်နေမည့်အစား အာဏာရှင် များကို လက်ရောက်နှိမ်နင်းရန်နှင့် တံခါးပိတ်အစည်းအဝေးများ ကျင်းပနေမည့်အစား ဗုံးကြဲခံ၊ မီးတိုက်ခံနေရသည့် ပြည်သူများ၏ အသက်အိုးအိမ်များကို ခုခံကာကွယ်စရာများ အရောက်ပေးပို့ကြရန် လိုအပ်ကြောင်း ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“မြန်မာပြည်သူတွေဟာ မတန်တဆ တဖက်သတ်စစ်အင်အားကို ရှိစုမဲ့စုနဲ့ ကုတ်ခြစ်ပြီး ကိုယ့်အားကိုယ်ကိုး ခုခံနေကြတာပါ။ မိမိတို့ ချစ်မြတ်နိုးတဲ့ဖြူစင်သော အသက်မွေးမှုတွေ၊ မိမိတို့ တန်ဖိုးထားတဲ့ တောင်ယာတွေသာမက လယ်လုပ်ကိရိယာတွေ၊ နောက်ဆုံးဗျာ မိမွေဖမွေ ၊ အိုစာမင်းစာ နားကပ်တွေပါ မကျန်၊ ချွတ်ပြီး စွန့်ပြီးတော့ ခုခံတော်လှန်နေကြတာပါ” ဟု ၎င်းက ဆို သည်။

ဆက်လက်ပြီး ပြည်သူလူထု၏ အလွှာမျိုးစုံ ဆွေမျိုးများ၊ မိသားစုများထဲတွင် တော်လှန်ရေး တပ်သားများ ပုံသဏ္ဍန်မျိုးစုံဖြင့် ပါဝင်နေပြီး နိုင်ငံတကာရောက် ပြည်သူများ၊ အလုပ်ကြမ်း လုပ်နေသူများ၊ အိမ်အကူလုပ်နေသူများပါမကျန် ၎င်းတို့၏အကြွေးများကို မဆပ်သေးဘဲ တော်လှန်ရေးတွင် နိုင်သရွေ့ထည့်ဝင်နေကြောင်းလည်း ဦးမင်းကိုနိုင်က ပြောသည်။

“ခုနက ပြောခဲ့သလို မိသားစုဝင်တိုင်း အသိုင်းအဝန်းတိုင်းမှာ တော်လှန် ရေးတပ်သားတွေ ပါဝင်နေပါတယ်။ လမ်းတွေပေါ်မှာလည်း နေ့စဉ်မပြတ် အော်ဟစ်ကြွေးကြော် ဆန္ဒပြနေဆဲပါ။ မိမိရဲ့ လက်ကိုင်ဖုန်းထဲမှာ လက်သုံးချောင်းထောင်တဲ့ ဓာတ်ပုံကို တွေ့ရုံနဲ့ ဖမ်းဆီး၊ ညှင်းဆဲ၊ သတ်ဖြတ်နေရတဲ့ ဘ၀တွေကို ကမ္ဘာကြီးကြားဖူးပါသလား။ အဲဒါ မြန်မာပြည်မှာ တကယ်ရှိပါတယ်။ အဲဒီလိုပဲ ဖက်ဆစ်အပြုအမှုကျင့်နေတဲ့ စစ်တပ်ဆီက၊ ဒီလိုအပြုအမှုတွေနဲ့ စစ်တပ်ဆီက ဘာရွေးကောက်ပွဲကို မျှော်လင့်ချင်နေကြပါသလဲ၊ ဖက်ဆစ်စနစ်ဆိုတာ ဖြောင့်ဖျ လို့ ရကောင်းပါသလား။ အဲဒီဖက်ဆစ်စနစ်ကို ပိုအင်အားကြီးတဲ့စနစ်နဲ့ အနိုင်ယူရမှာမဟုတ်ဘူး လား စသဖြင့် ဒါတွေဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ မေးခွန်းတွေဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

ကမ္ဘာကြီးတွင် ဒီမိုကရေစီအတွက် မာမာထန်ထန် ရပ်တည်ပေးနိုင်သော၊ တာဝန်ခံပေးနိုင်သော ကမ္ဘာ့ခေါင်းဆောင်များ ဝေဝေဝါးဝါးဖြစ်နေခြင်းက ဒီမိုကရေစီမြတ်နိုးသည့် သန်းပေါင်းများစွာသော ပြည်သူများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများအတွက် ပိုမို ခက်ခဲ၊ ကြမ်းတမ်းနေရဦးမည်ဖြစ် ကြောင်းလည်း ဦးမင်းကိုနိုင်က ပြောသည်။

“လူကြီးမင်းတို့ရဲ့ မိသားစုစုံလင်တဲ့ပွဲတွေတိုင်းမှာ သတိရပေးပါ။ အာရှတိုက် တစ်နေရာက ကျိုးပဲ့နာကျင်နေတဲ့ မိသားစုဘ၀တွေ၊ လူမစုံတဲ့ ထမင်းဝိုင်းတွေ၊ အမေအိုရဲ့ ဆုတောင်းသံတွေ၊ ဗုံးကြဲခံရတဲ့ စာသင်ကျောင်းတွေ၊ ရဟတ်ယာဉ်နဲ့ အတိုက်ခံရတဲ့ ဆေးပေးခန်းတွေ မြင်အောင်ကြည့်ကြပါ” ဟုလည်း ၎င်းက တိုက်တွန်းသည်။

ရှစ်လေးလုံးအရေးတော်ပုံသည် ဒီမိုကရေစီကို လူသားဂုဏ်သိက္ခာနှင့်အညီ တောင်းဆိုခဲ့၊ တိုက်ပွဲဝင်ခဲ့ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

ယနေ့ နွေဦးတော်လှန်ရေးရောက်လာချိန်တွင် တိုင်းရင်းသားများနှင့် အပြည့်အ၀လက်တွဲကာ တိုင်းရင်းသားများ အပေါ် တင်ရှိနေသော အကြွေးဖြစ်သည့် ဖက်ဒရယ်စနစ်ကိုလည်း တည်ဆောက်ကြရမည်ဖြစ်ပြီး ပြည်သူများ တစိုက်မတ်မတ်တောင်းလာသည့် ဒီမိုကရေစီကိုလည်း တွဲဖက် တည်ထောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ခြင်းသည် ကမ္ဘာတွင် အာဏာရှင်များ ကျဆုံးခြင်းအတွက် နမူနာကောင်းဖြစ်လိမ့်မည်ဟုလည်း ဦးမင်းကိုနိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

သတင်း

မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန်