▪︎မိုးဗြဲတိုက်ပွဲ အထိနာတဲ့ စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီးအားကိုးပစ်ခတ်နေ
မိုးဗြဲတိုက်ပွဲမှာ သေဆုံးထိခိုက်မှုများနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး လွိုင်ကော်မြို့ကနေလည်း လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ကရင်နီဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ညနေပိုင်းကစလို့ ဂျက်လေယာဥ်နှစ်စီးနဲ့ မိုးဗြဲမြို့ထဲကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများပြားနေတာကြောင့် အဲဒီလို ပစ်ကူပေးနေတာလို့ဆိုပါတယ်။ မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ပြီး လက်နက်ပေါင်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ လွိုင်ကော်ကနေ ပစ်ခတ်နေပြီး မြို့ထဲက လူနေအိမ်တွေ ပျက်စီး၊မီးလောင်နေပါတယ်။ ဒါ့အပြင် လွိုင်ကော်ကနေ တင့်ကားပါစစ်ယာဥ်တန်းများလည်း မိုးဗြဲမြို့ကို တပ်ကူထွက်လာနေတယ်လို့ သိရပါတယ်။

▪︎BGF တပ်ဖွဲ့၀င်သားနှစ်ယောက်ကို ခေါ်မရလို့ သူတို့လက်နက်တွေကို ဖခင်က KNU ထံ အပ်နှံ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် အတွင်းရှိ မထောရွာသားတစ်ဦးဟာ စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဆီက လက်နက်သုံးလက်နဲ့ ကျည်တွေ ယူလာပြီး KNU တပ်မဟာ(၅)ထံ အပ်နှံခဲ့ပါတယ်။ ဖြစ်စဥ်မှာ မထောရွာသား စောမီးလေး ဆိုသူဟာ BGF တပ်ဖွဲ့ရဲ့ စည်းရုံးမှုကြောင့် BGF တပ်ထဲ ဝင်ရောက်သွားတဲ့ သား နှစ်ယောက်ကို သွားရောက်ခေါ်ဆောင်ရာ သားနှစ်ဦးက ပြန်မလိုက်လာတာကြောင့် သူတို့ လက်နက်တွေကို ယူဆောင်လာခဲ့တာပါ။ ယူလာတဲ့လက်နက်တွေက AR တစ်လက်၊ ကျဉ်ကပ်တချပ်၊ ကျည် ၃၀တောင့်၊G-3 တစ်လက်၊ ကျဉ်ကပ် ၂ ချပ်၊ ကျည် ၁၁၃ တောင့်၊ Carbine တစ်လက်၊ ကျည်ကပ်တချပ်၊ ကျဉ်တောင့် ၁၅ တောင့်တို့ ဖြစ်ပါတယ်။ တပ်မဟာ(၅) တာဝန်ရှိသူတွေကလည်း စောမီးလေးကို ဆုငွေအဖြစ် ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ပါတယ်။

Public Service Announcement


▪︎ရိက္ခာနှင့် ခဲယမ်းများလာပို့သည့် ဗိုလ်ကြီးအပါအဝင်စစ်သား၆ ဦးကို ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီး
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင် မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်းစစ်ကောင်စီတပ်အတွက်ရိက္ခာနှင့်ခဲယမ်းများ လာပို့သည့် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးအား ယနေ့ (စက်တင်ဘာ ၉) မနက် ၁၀နာရီခွဲခန့်တွင် လက်နက်ခဲယမ်းများနှင့်အတူ လူခို့ အနီးတွင်ကော်ဘရာစစ်ကြောင်းကဖမ်းဆီးခဲ့သည်။ MA – 3 (၂)လက်၊ MA – 1 (၁)လက်၊ MA – 2 (၁)လက်၊ MA (4) (၁) လက်၊ MA (5) (၁)လက်၊ ကျည်ဘောက် (၁၇) ခု၊ ကျည်ဘောက်အဝိုင်း (၁)ချပ်၊ လက်ပစ်ဗုံး (၂)လုံး၊ BSA (1) စကုတ် (၁) ခု၊ ၅.၅၆ ကပစ ထုတ်ကျည် (၆၀၀)တောင့်၊ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံး၊ ရိက္ခာခြောက် ခေါက်ဆွဲ အိတ် (၁၂) အိတ် တို့အား သိမ်းဆည်း ရမိခဲ့ကြောင်းဖော်ပြထားသည်။ ဖမ်းဆီး ရမိသော စစ်သုံ့ပန်းများအား ဂျီနီဗာ ကွန်ဗားရှင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါကြောင်းကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်သည်။

▪︎တော်လှန်လူငယ်တွေအတွက် အင်းလျားကန်ကို NUG ပြန်သိမ်းမယ်
တော်လှန်လူငယ်များအတွက် အင်းလျားကို ပြန်သိမ်းမယ့် Spring Inya စီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ NUG ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က မနေ့က ကြေညာပါတယ်။လက်ရှိမှာ ကန်ပတ်လည်ရှိ နေရာကောင်းမှန်သမျှကို စစ်ကောင်စီက မတရားသိမ်းပိုက်ထားပြီး စစ်မျိုးစစ်နွယ်တွေရဲ့ စီးပွားရေး ပရောဂျက်တွေနဲ့ ပြည့်နှက်နေတာကြောင့် အခုလို ပြန်လည်သိမ်းပိုက်မယ့် အစီအစဉ်ကို စတင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ NUG ရဲ့ စီမံကိန်းမှာ အင်းလျားကန်ပတ်လမ်း ပါဝင်ပြီး လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရှုခင်းကြည့်ခြင်းတို့အတွက် ကျွန်းဆက်လမ်းတွေ၊ အင်းလျားမျှော်စင်တို့ကိုထည့်သွင်းတည်ဆောက်သွားမယ်လို့ဆိုပါတယ်။

▪︎ထိုင်းမှာ မြန်မာလုပ်သား ၂၀၀ ကျော် အကြောင်းမဲ့အလုပ်ထုတ်ခံရလို့ စက်ရုံပိုင်ရှင်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေ
ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုခဲ့ပြီး အဲဒီစက်ရုံပိုင်ရှင်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ကူညီပေးနေသူ ကိုရဲမင်း(AAC မဟာမိတ်)က ပြောပါတယ်။ အဲဒီစက်ရုံအလုပ်ရုံမှာ မြန်မာလုပ်သား ၂၀၃ ဦး အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်နဲ့ မြန်မာလုပ်သားတွေကို အစားထိုးခန့်မယ်ဆိုပြီး အလုပ်ကနေ ထုတ်ပယ်ခံရတာလို့ ဆိုပါတယ်။ စက်ရုံပိုင်ရှင်က နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ အလုပ်ကနေထုတ်ပယ်တာကြောင့် မြန်မာလုပ်သားတွေက တရားစွဲဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

▪︎ဓါးပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို တမူး PDF ထပ်မံဖမ်းဆီး
စစ်ကိုင်းတိုင်း တမူးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိထားတဲ့ ဓားပြတစ်ဦးရဲ့ ဖော်ထုတ်မှုအရ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ People’s Defense Force – Tamu တပ်ရင်း – ၁ က ထုတ်ပြန်ပါတယ်။ တမူးမြို့မှာ ဂိုဏ်းဖွဲ့ဓားပြတိုက်လုယက်နေတဲ့ ဓားပြအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်က စက်တင်ဘာလ ၇ ရက်မှာ ဖမ်းမိခဲ့ပါတယ်။ အဲဒီဓားပြရဲ့ ထုတ်ဖော်ဝန်ခံချက်အရ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို ညီနောင်မဟာမိတ်အဖွဲ့အစည်းတစ်ခုရဲ့ အကူအညီနဲ့ ထပ်မံဖမ်းမိနိုင်ခဲ့တာပါ။
●စစ်ကောင်စီအပေါ်ခုခံတော်လှန်စစ်ပွဲတွေ
▪︎မတ္တရာနယ် ရေလယ်ကျွန်းမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲပြန်ဖြစ်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အဲဒီကျေးရွာနေ ကလေးတစ်ဦး ခေါင်းထိမှန်ပြီး အမျိုးသမီးတစ်ဦးလည်း ခြေထောက်ထိမှန်ခဲ့ပါတယ်။ ခေါင်းထိ ကလေးငယ်မှာ စိုးရိမ်ရတဲ့ အခြေအနေလို့ ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုပါတယ်။
ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးတယ်လို့ ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။
▪︎’နန်းထိုက်အောင်’စစ်ဆင်ရေးအဖြစ် သထုံ လျှပ်စစ်ရုံးကို တိုက်ခိုက်
မွန်ပြည်နယ် သထုံမြို့ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထိမှန်ခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးနဲ့မီတာရုံးကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘန်ကာထဲ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ သထုံမြို့နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြဖို့ သထုံမြို့နယ်(ပကဖ)က အသိပေးပါတယ်။
▪︎မင်းတပ်CDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြန်ဖြစ်
ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ တိုက်ပွဲ အခြေအနေကို ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ မင်းတပ်ဒေသခံတစ်ဦးက မင်းတပ်မြို့နယ် လှော်၀ရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ၌ CDF တို့ ဒီနေ့မနက် ၁၁နာရီခွဲလောက် ကစပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။
▪︎ကသာနယ်မှာ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကသာခရိုင် ချောင်းဝနဲ့ မင်းကျောင်းကုန်းကျေးရွာကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ မြို့လှ K-PDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကစဥ့်ကလျားဖြစ်ပြီး နှစ်ဖွဲ့ကွဲကာ ချောင်းဝကျေးရွာအတွင်းကို တပ်ဆုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်နဲ့ ဗုံးကျဲခဲ့စဥ်က မပေါက်ကွဲသေးတဲ့ လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်းကာ တိုက်ခိုက်ခဲ့တာလို့ မြို့လှ K-PDF က ပြောပါတယ်။
▪︎စစ်ကောင်စီယာဥ်တွေကို အမျိုးသမီးဒရုန်းအဖွဲ့ လေးကြိမ် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်မှာ တင့်ကားသယ်ယာဥ်တွေအပါအဝင် စစ်ကောင်စီတပ်ယာဥ်တွေကို အမျိုးသမီး ဒရုန်းအဖွဲ့ T.G.R Women Drone Force က လေးကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မနေ့က မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ မုံရွာမြို့ဘက်က ထွက်လာတဲ့ ယာဥ်လေးစီးအနက် တင့်ကားတင်ဆောင်လာတဲ့ ကားနှစ်စီးနဲ့ စစ်ကိုင်းကနေ မုံရွာမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဥ် အစီး၂၀ကျော်ကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီယာဥ်တွေရဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ T.G.R Women Drone Force အဖွဲ့က ပြောပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး “လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်” ဘန်နာစာသား ကိုင်စွဲကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး လူထုကြွေးကြော်သံများ ဟစ်ကြွေးချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်ဟာ “Accept NUG and Our Ambassador, Reject Dictator” စာသားတွေ ကိုင်ဆောင်ပြီး ကုလသမဂ္ဂ(UN) အနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ NUG အစိုးရကို ထောက်ခံအားပေးဖို့နဲ့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ထားရှိဖို့တို့ကို တောင်းဆိုဆန္ဒပြခဲ့ပါတယ်။


















































