အောက်တိုဘာ ၁၄၊ ၂၀၂၆၊ မေရီ/People’s Spring
အင်းလေးဖောင်တော်ဦးဘုရားပွဲမှာ ဘုရားလှည့်ချိန် ကရဝိတ်လှေ တိမ်းမှောက်ခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က အင်းလေးဖောင်တော်ဦးဘုရားပွဲ ဒုတိယနေ့မှာ ဘုရားလှည့်ဖို့ တန်းစီနေချိန် ဟဲယာရွာမရွာက အမျိုးသမီးယိမ်းအဖွဲ့ရဲ့ ကရဝိတ်အလှပြ အကလှေယာဥ်ဟာ ဖာထားတဲ့နေရာကနေ ရေဝင်ပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကရဝိတ် အလှဆင်ယာဉ်ပါ။ ဘုရားပင့် ကရဝိတ်လှေမဟုတ်ပါဘူး။ အရင်နှစ်တွေက ဆွဲလှေတွေပဲအဖြစ်များတာ။ ခုက အလှအကယာဉ် ဖြစ်တာ”လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ မှတ်ချက်ပြုထားပါတယ်။

Public Service Announcement
လှေတိမ်းမှောက်ချိန်မှာ လှေပေါ်ပါ ယိမ်းအဖွဲ့ဟာ အခြားလှေပေါ် ပြောင်းတက်နိုင်ခဲ့တဲ့အတွက် လူထိခိုက်မှူမရှိဘဲ လှေပေါ်ပါ ဆောင်းဘောက်စ်အပါအဝင် စက်ပစ္စည်းတွေ၊ တူရိယာတွေ ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။
အင်းလေးမှာ ဘာသာရေးပွဲ ဘုရားလှည့်ရာကနေ အခုလိုလှေတိမ်းမှောက်တဲ့အပေါ် အတိတ်နိမိတ်မကောင်းဘူးလို့ ယူဆနေသူတွေလည်း ရှိနေပါတယ်။
ပွဲစတင်ကျင်းပတဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ကျင်းပနေပြီး ဘုရားလှေကိုဆွဲတဲ့ ဆွဲလှေတစ်စီးတိမ်းမှောက်ခဲ့ကာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ အင်းလေးဖောင်တော်ဦးဘုရားပွဲမှာ ဘုရားရုပ်ပွားတော်လေးဆူကို အင်းလေးဒေသထဲမှာရှိတဲ့ နေရာ ၂၁ ခုသို့ ၁၉ ရက်ကြာ လှည့်လည်အပူဇော်ခံမယ်လို့ သတင်းရရှိပါတယ်။



















































