ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများရှိ သန့်စင်ခန်း များနှင့် YBS ယာဉ်များပေါ်တွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင် မိသားစုပုံကို ‘သူခိုးမိသားစု’ ဟု အမည်တပ်၍ ပိုစတာကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (စက်တင်ဘာ ၁၄) ညနေပိုင်း၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်က ပန်းပင်ကြီးလမ်းဖြစ်စဥ်မှာ ကျွန်တော်တို့ တော်လှန်ရေးဘက်တော် သားတွေ အထိအခိုက်များခဲ့တာအတွက် ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်သလို ပိုပြီးတော့ လှုပ်ရှားမှုတွေကို အကွက်စိပ်စိပ်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီလောက် ပစ်ခတ်နှိပ်စက် ဖမ်းဆီးနေတဲ့ကြားထဲက ဒီလို လှုပ်ရှားမှုကို ပြုလုပ်ရတာဟာ တော်လှန်ရေးမပြီးဆုံးသေးကြောင်း၊ ကျွန်တော်တို့အားလုံးမှာ တာ ဝန်ရှိနေသေးကြောင်း လှုံ့ဆော်ခြင်း ဖြစ်ပါတယ် “ဟု Mayangone Democratic Front (MDF)အဖွဲ့က ဆိုသည်။

ပြည်သူလူထုတွေအနေဖြင့်လည်း အခက်အခဲအမျိုးမျိုးကြောင့် သာမန်လှုပ်ရှားသွားလာနေကြရသော် လည်း စစ်အာဏာရှင်၏ စီးပွားရေးများကို အားမပေးခြင်း၊ ၎င်းတို့ မိသားစုများကို အရှက်ရစေရန် Social Punishment တို့ကို ဆက်လက် အဆုံးထိ ဆောင်ရွက်ပေးကြရန်လည်း MDF အဖွဲ့က တောင်းဆိုခဲ့သည်။

Public Service Announcement


















































