အရှိန်အဟုန်ကောင်းကောင်းနဲ့ မောင်းနှင်နေတဲ့ စီမံကိန်းတွေထဲက နောက်တခုဖြစ်တဲ့ အားလုံးအတူတကွ ပြည်တော်ဝင်ပြီး နန်းသိမ်းအောင်ပွဲခံကြမယ့် နွေဦးမန္တလေး (Spring Mandalay)ရင်းနှီးမြှပ်နှံမှုစီမံကိန်းမှာ ပါဝင်ကြဖို့ NUG အစိုးရက ပြည်သူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။
အဲဒီစီမံကိန်းကတော့ နှစ်ပေါင်း ၁၆၀ ကျော်ရှိလာပြီဖြစ်တဲ့ မန္တလေးကျုံးမြို့ရိုး သမိုင်းအထင်ကရနေရာဟာ ခေတ်အဆက်ဆက် ပြည်သူတွေနဲ့ ဝေးကွာနေရတာကြောင့် နန်းမြို့ရိုးထဲမှာ အနုသုခုမဇုံ၊ အပန်းဖြေဇုံ၊ သမိုင်းလေ့လာရေးဇုံ အစရှိသဖြင့် ဇုံတွေပိုင်းခြားပြီး အကောင်အထည် ဖော်သွားဖို့ စိတ်ကူးထားတယ်လို့ ဖော်ပြပါတယ်။
“အရင်ခေတ်တုန်းက လှေပွဲသဘင်၊ မြင်းပွဲသဘင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့၊ ပျို့၊ အလင်္ကာ၊ စာပေ၊ ဂီတ၊ သဘင် အနုသုခုမတွေ မြို့ရိုးလေးဘက် လေးတန်စလုံးဆီကို ရှင်သန်ဖြန့်ကျက်စေရာ နေရာဖြစ်ခဲ့ပေမယ့် နွေဦးပြည်ထောင်စုသစ်မှာတော့ အဟောင်းနဲ့ အသစ်ကို ပေါင်းကူးကြမယ်။ ရိုးရာအစဉ်အလာကိုလည်း မပြတ်လေ့လာနိုင်သလို လူငယ်တွေရဲ့ အတွေးသစ် အမြင်သစ် ပွင့်လန်းစေရာ နယ်မြေလည်း ဖြစ်စေရမယ်။ ဖက်ဒရယ်အနှစ်သာရတွေနဲ့လည်း လွှမ်းခြုံပြည့်စုံနေစေရမယ်”လို့ ဆိုပါတယ်။
မန္တလေးနန်းမြို့လို့ ပြောလိုက်ရင် နီစွေးစွေးမြင့်မားတဲ့ ကျုံးမြို့ရိုးကို အရင်မြင်ယောင် မိကြမှာဖြစ်ပြီး မြို့ရိုးလေးဘက် လေးတန်မှာ အကွက်ကျကျ ထားရှိတဲ့ တံခါး (၁၂) ရပ်၊ ပဟိုရ်စင်၊ လွှတ် တော်၊ ဒင်္ဂါးစက်ရုံနဲ့ တော်ဝင်ဂူဗိမာန်တွေအကြောင်း ဖတ်ဖူးထားတဲ့ သမိုင်းစာတွေထဲကနေတဆင့် မှန်းဆမြင်ယောင်မိကြမှာပါလို့ ဖော်ပြပါတယ်။

Public Service Announcement
ပါတော်မူပြီးတဲ့နောက် အင်္ဂလိပ်တပ်တွေ စတည်းချခဲ့၊ စည်သာတံခါးပြသာဒ် အတွင်းဆောင်တွေကို ဘုရင်ခံအတွက် တိုးချဲ့ခဲ့တဲ့ မြေနေရာဟာ အခုအခါမှာတော့ တပ်ဝန်ထမ်း အဆောင်တွေ၊ လက်နက်ခဲယမ်းတပ်၊ ဆက်သွယ်ရေးတပ်၊ စစ်ဆေးရုံ၊ တပ်အရာရှိ အိမ်တွေ၊ တပ် နယ်ရုပ်ရှင်ရုံ၊ တပ်စည်ပင် အစရှိသဖြင့် အခွင့်ထူးခံ လက်တဆုပ်စာတွေသာ ပိုင်စိုးတဲ့ နယ်မြေဖြစ်နေပါပြီလို့ ထောက်ပြပါတယ်။
“စစ်တပ်အုပ်ချုပ်တဲ့ကာလမှာ လုံခြုံရေးကို အကြောင်း ပြုပြီး နန်းတွင်းထဲကနေ ဖြတ်သွားတဲ့ မန္တလေး-မတ္တရာ မီးရထားလမ်းကိုလည်း ပိတ်၊ မန်းသီတာဥယျာဉ်ကိုလည်း ဖျက်၊ နန်းဆောင် တွေထဲ သွားလေ့လာဖို့တောင် အတားအဆီးမျိုးစုံ၊ အစစ်အဆေး မျိုးစုံနဲ့ ကြုံတွေ့ရတဲ့အနေအထားကို ရောက်ခဲ့ရပါတယ်”လို့ ဖော်ပြပါတယ်။
ပဒေသရာဇ်စနစ်တို့ သက်ဦးဆံပိုင်စနစ်တို့ အာဏာရှင် စနစ်တို့ကို အတွေးအခေါ် အယူဝါဒပိုင်းအရရော လက်တွေ့ကျကျရော အမြစ်ကနေတွန်းလှန်ပစ်တဲ့ ဒီမျိုးဆက်ရဲ့ နွေဦးတော်လှန်ရေးမှာ ပဒေသရာဇ်ခေတ်ကို တမ်းတစရာ မဟုတ်ပေမယ့် သမိုင်းပုံဆောင်ခဲဆိုတာ ရှေး ဟောင်းယဉ် ကျေးမှုအမွေအနှစ်အဖြစ်၊မှတ်တမ်းမှတ်ရာအဖြစ် ပြည်သူအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် တော်ဝင်အထက်တန်းလွှာဆိုသူတွေ စံမြန်းရာ၊ ကိုလိုနီနယ်ချဲ့တွေ စိုးစံရာ၊ စစ်အာဏာရှင်တွေ လွှမ်းမိုးရာဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် ပြည်သူနဲ့ အလှမ်းဝေးခဲ့တဲ့ နေရာကို ပြည်သူတွေ ပြန်ယူဖို့ အချိန်ရောက်လာပါပြီလို့ အသိပေးပါတယ်။
ပြီးတော့ နန်းမြို့ရိုးထဲမှာ စိတ်ဝိဉာဉ်ပေါ့ပါးစွာ ကွန့်မြူးနိုင်ဖို့ အနုပညာခန်းမဆောင်တွေ၊ ယဉ်ကျေးမှုပြတိုက်၊ ပြည်ထောင်စုတိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာဂီတ၊ အကတွေနဲ့ သမိုင်းအဆက် ဆက်က ခေတ်အလိုက် အကအလှတွေ၊ မိသားစုနဲ့ မိတ်ဆွေတွေ တွေ့ဆုံအပန်းဖြေ နားနေနိုင်တဲ့ နေရာတွေ ထားရှိမယ်လို့ နွေဦးမန္တလေးအစီအစဥ်ရဲ့ အစိတ်အပိုင်းအချို့ကို ရှင်းပြပါတယ်။
“ပြည်သူကြံရင် မခံနိုင်ဘူး.. အထူးပင် မှတ်ကြလေလို့ပဲ ဆိုပါရစေတော့။ ဒါကြောင့် လေးကျွန်းအောင်မြေလို့ သမုတ်ခဲ့တဲ့ နန်းမြို့ကို ပြည်တော်ဝင်ပြီး နန်းသိမ်းအောင်ပွဲခံဖို့ EOD ရဲ့ Spring Mandalay Investment အစီအစဥ်တွေမှာ တခဲနက်ပါဝင်ကြပါစို့”လို့ တိုက်တွန်းထားပါတယ်။
အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ဆိုတာ တော်လှန်ပြည်သူတွေ ကိုယ်တိုင် ပါဝင်မှရမှာဖြစ်ပြီး ကိုယ်နဲ့သက် ဆိုင်တဲ့မြေဟာ ကိုယ့်မြေ၊ ကိုယ့်မြေကို ကိုယ်တိုင်ပဲ ပြန်ယူကြရမှာဖြစ်သလို အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေကိုယ်တိုင် မကိုဋ်ဆောင်းပြီး ဖက်ဒရယ်ပြည်ထောင်စုကို ခွင့်တူညီမျှ၊ ဝါဒဖြူစင်စွာ ထူထောင်ကြမယ်လို့ ထုတ်ပြန်ထားပါတယ်။


















































