အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းအောက်ကျဆင်းလာပြီးနောက် ရွှေဆိုင်အားလုံးနီးပါး အရောင်းပိတ်ထားကြောင်းဈေးကွက်အတွင်းမှသိရသည်။
ရွှေဈေးကျဆင်းချိန်တွင် ရွှေရောင်းရန် မရှိဟုဆိုကာ ရွှေဆိုင်များက အရောင်းပိတ်ထားသော်လည်း ပြန်ရောင်းပါက ဝယ်ယူသည်ဟု ယနေ့ ရွှေဝယ်ရန်သွားရောက်စုံစမ်းပြီးဝယ်မရခဲ့သူတစ်ဦးကပြောသည်။
“ဆိုင်တွေက စျေးဘဲဖွင့်ပြီးပစ္စည်းမရှိဘူးလို့ပြောတယ်။ ဖြတ်စရွှေတုံးအသေးတွေရောင်းပေးတယ်။ ရွှေတုံးအပိုင်းလိုက်မရောင်းဘူး”ဟု ယနေ့ ရန်ကုန်မြို့တွင် ရွှေဝယ်ရန် ကြိုးစားခဲ့သူတစ်ဦးကလည်းပြောသည်။
ရွှေဆိုင်များက ပြန်ဝယ်ပြီး မရောင်းတော့ခြင်းမှာ ယခုဈေးမှက်မကျနိုင်တော့ဘဲ ဈေးတက်ရန်သာရှိသည့်အတွက် ဖြစ်နိုင်ကြောင်း ရွှေဝယ်လိုသော်လည်း ဝယ်မရခဲ့သူအချို့ကသုံးသပ်သည်။

Public Service Announcement
ယနေ့ အခေါက်ရွှေတစ်ကျပ်သားကို ၂,၅၇၀,၀၀၀ကျပ်ဈေးဖွင့်ထားသော်လည်းအရောင်းပိတ်ထားခြင်းဖြစ်သည်ဟု ရွှေဝယ်လိုသူများကပြောသည်။ ယမန်နေ့(အောက်တိုဘာ ၁၀ ရက်)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၆၄၀,၀၀၀ ကျပ်ပေါက်ဈေးရှိခဲ့ရာမှကမ္ဘာရွှေဈေးကျသဖြင့် ကျပ်ခုနှစ်သောင်းကျပ်ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးမှာလည်း အောက်တိုဘာ ၁၁ ရက်က တစ်အောင်စကို ၁၆၆၁ ဒေါ်လာအထိကျဆင်းခဲ့သည်။ ယမန့်နေ့(အောက်တိုဘာ ၁၀ ရက်) တစ်အောင်စကို ဒေါ်လာ ၁၆၉၅ ရှိခဲ့သည်။
စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၁,၉၆၀,၀၀၀ ကျော်သာဈေးဖွင့်ထားသည်။
စစ်ကောင်စီက ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းတို့တွင် ရွှေဝယ်လိုပါကမှတ်ပုံတင် ၊သံခေါင်စာရင်းဖြင့်လူတစ်ဦးလျှင်ရွှေတစ်ဆယ်သားရောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။သို့သော်လည်း ထိုရွှေများကို အသင်းများက တာဝန်ရှိသူများနှင့် ၎င်းတို့နှင့်နီးစပ်သူများသာ အများဆုံးဝယ်ယူရခြင်းဖြစ်ကြောင်းသိရသည်။
















































