▪︎ICJ နဲ့ ICC တို့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ မြန်မာသံအမတ်ကြီး တောင်းဆို
နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများဖြစ်တဲ့ ICJ နဲ့ ICC တို့ဟာ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးစေလိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ ညီလာခံမှာ သံအမတ်ကြီးက စစ်တပ်ရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် နစ်နာခဲ့သူများအတွက် တရားမျှတမှု ဆောင်ကျဥ်းပေးဖို့ တစ်ပါတည်းတောင်းဆိုခဲ့ပါတယ်။ စစ်တပ်ရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အခြားသော ရက်စက်ကြမ်းကြုတ်မှုတွေဟာ လျော့နည်းလာခြင်းမရှိဘဲ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဆက်လက် ကျူးလွန်နေတယ်လို့ သံအမတ်ကြီးက အစီရင်ခံပါတယ်။ စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှူနဲ့ မကြာသေးခင်က ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွေကို ညီလာခံမှာ တင်ပြခဲ့ပါတယ်။
▪︎မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ကုလလုံခြုံရေးကောင်စီ ခေါင်းရှောင်နေတာ ရပ်သင့်ပြီလို့ အရပ်ဘက်အဖွဲ့ ၃ ဖွဲ့ ထုတ်ပြန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ပွဲကို အဆုံးသတ်ရမယ့် သူ့ရဲ့တာဝန်မှ ခေါင်းရှောင်နေခြင်းကို ရပ်သင့်ပြီလို့ အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့က ဒီနေ့တိုက်တွန်းထုတ်ပြန်ပါတယ်။ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုများ မြင့်တက်လာနေပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ကျရှုံးနေတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ခြင်းက မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ကာ ခိုင်မာတဲ့ အရေးယူမှုများ လုပ်ဆောင်ရတော့မယ် ဆိုတဲ့ အချက်ကို ပြနေတဲ့ နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ အဖွဲ့ ၃ ဖွဲ့က ဆိုပါတယ်။ အဲဒီသဘာထားကြေညာချက်ကို ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ကထုတ်ပြန်ခဲ့ တာပါ။ အာဆီယံက ပြတ်သားစွာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းမှာ တရားမဝင် မြန်မာစစ်အုပ်စု အလိုကျ လုပ်ပေးနေခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီက စစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှုများ မလုပ်နိုင်အောင် ကာကွယ်ပေးနေခြင်းလည်းဖြစ်တယ်လို့ ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး လက်ရှိအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်းနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွက် အဖြေဟာ မြန်မာပြည်သူတွေဆီမှာပဲရှိပြီး စစ်အုပ်စုဆီမှာ မရှိဘူးလို့ အဖွဲ့တာ၀န်ရှိသူတွေက ပြောပါတယ်။

▪︎တိုက်ပွဲများ ပြင်းထန်နေမှု၊စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်တို့ကြောင့် ညီလာခံရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ KNU ပြော
ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်မှု ပြန်လည်ရွေးချယ်ရမယ့် (၁၇)ကြိမ်မြောက် KNU ညီလာခံကို အောက်တိုဘာ ၂၄ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ KNUနယ်မြေတွေမှာ စစ်ရေးပြင်းထန်နေမှုများကြောင့် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ နိုင်ငံရေးအပြောင်းအလဲ၊ စစ်ရေးအခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါတို့ကြောင့် ညီလာခံကို ရွှေ့ဆိုင်းခဲ့ရာ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ သတ်မှတ်ကာလပြည့်ပြီဖြစ်လို့ အောက်တိုဘာ ၂၄ရက်မှာ ညီလာခံကျင်းပဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ညီလာခံတက်ရောက်လာဖို့ရှိတဲ့ ခေါင်းဆောင်တွေက သက်ဆိုင်ရာနယ်မြေတွေမှာ တာ၀န်အရှိဆုံးဖြစ်ပြီး လက်ရှိအခြေအနေအရ တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် သူတို့ရဲ့ တင်ပြချက်အရ ပြန်လည်စဥ်းစားကာ ညီလာခံရွေ့ဆိုင်းခဲ့တာလို့ ပဒိုစောတောနီးက ပြောပါတယ်။ KNU နယ်မြေအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း KNU နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

Public Service Announcement

▪︎အနန့်ပါလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဒီနေ့ည ၈ နာရီခွဲမှာ တစ်နိုင်ငံလုံးမီးပိတ်သပိတ်ပြုလုပ်မယ်
စစ်ကောင်စီရဲ့ ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာတစ်နိုင်ငံလုံး ဒီနေ့ည၈နာရီခွဲမှာ မီးပိတ်သပိတ်ပြုလုပ်ကြဖို့ သပိတ်ခေါင်းဆောင်များ၊တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပါတယ်။ ဒီနေ့ည ၈ နာရီခွဲမှစလို့ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမှာဖြစ်ပါတယ်။


ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် ပြည်သူအားလုံးက “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု” ကြီး ဆင်နွှဲကြဖို့ မီးပိတ်သပိတ် လူထုလှုပ်ရှားမှု ဦးဆောင်သူများက နှိုးဆော်ထားပါတယ်။

▪︎မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ပျံလွန်တော်မူ
စစ်တပ်ကိုဝေဖန်လို့ တရားစွဲဆိုဖမ်းဆီးထောင်ချခြင်းများခံခဲ့ရတဲ့ မန္တလေးမြို့မှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသဟာ မနေ့ညပိုင်းက ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဆေးကုသမှုခံယူရင်း ပျံလွန်တော်မူခဲ့တာလို့ ဆရာတော်နဲ့နီးစပ်တဲ့ သာသနာရေးအသိုင်းအဝိုင်းက ပြောပါတယ်။ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး အမျိုးသားရေးနဲ့ မဘသ ဆရာတော်များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်တစ်ရက် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ထိန်းသိမ်းခံခဲ့ရပြီး ၆ လအကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုနဲ့ ပုလဲနံပသင့်တဲ့ ဆရာတော်သံဃာတော်များကိုပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လူမျိုး၊ ဘာသာပေါင်းစုံရဲ့ ကြည်ညိုအားပေးမှုကို ရရှိခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဆရာတော်ပျံလွန်တော်မူချိန်မှာ တော် လှန်ရေးအဖွဲ့အစည်းများ၊ အခြားဘာသာဝင်များက နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပြီး ဆရာတော်အတွက် ဆုတောင်းပေးတာတွေ ရေးသားဖော်ပြကြပါတယ်။

▪︎ရခိုင်ပြည်သူတွေရဲ့ အမှုအခင်းများကို တယ်လီဂရန်ချန်နယ်ကတဆင့် ပြန်လည်တိုင်ကြားနိုင်ကြောင်း AA အသိပေး
ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ရဲ့ ရက္ခိုင်ပြည်သူ့အစိုးရက အမှုအခင်းများကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ဖို့ ဆောင်ရွက်ထားရာ Telegram Account ကတဆင့် တိုင်ကြားနိုင်တယ်လို့ ULA/AAက မနေ့က ထုတ်ပြန်အသိပေးပါတယ်။ အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ဖို့အတွက် Justice For Arakan အမည်နဲ့ Telegram Account တစ်ခုကိုဖွင့်ပြီး တရားဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးခဲ့ရာ ၂၀၂၂ ဩဂုတ်က နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အဲဒီ Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမပြုဘဲ ရပ်နားထားခဲ့တာပါ။ အခုအချိန်မှာ တရားဥပဒေရေးရာဌာနက Justice For Arakan အမည်နဲ့ Telegram Account အကောင့်သစ်တခုကို အောက်တိုဘာ ၂၇ ရက်မှာ ထပ်မံ ဖွင့်ထားတယ်လို့ အသိပေးလာပါတယ်။ ပြည်သူတွေအနေနဲ့ Justice For Arakan အကောင့်ရဲ့ Username: @justice4arakan ကို Telegram မှာ အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး ULA/AA ရဲ့ တရားဥပဒေရေးရာဌာနသို့ တက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်တဲ့အပြင် Email: arakan.jus@protonmail.com မှ တဆင့်လည်း တိုင်တန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
▪︎မြောင်နယ် ပရိမ္မတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ခတ်လို့ PDF ရဲဘော်နှစ်ဦးနဲ့ ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာကို လေကြောင်းနဲ့ပါ ပစ်ခတ်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များ ဒီနေ့ တိုက်ပွဲဖြစ်ပွားရာ PDF ရဲဘော်နှစ်ဦး၊ ဒေသခံပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်းရှိတယ်လို့ မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်ဟာ ပရိမ္မကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့တာပါ။ အဲဒီ စစ်ကောင်စီတပ်နဲ့ မြင်းခြံခရိုင်တပ်ရင်း (၃) PDF ရဲဘော်များအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ မြောင်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေလို့ ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

▪︎အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ သေဆုံးမှုများဟု ယောတပ် YDF ပြော
အင်အား ၁၀၀ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ယောကာကွယ်ရေးတပ်- YDF တာဝန်ရှိသူက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ခလရ (၅၀)မှ စစ်ကောင်စီတပ်သားတွေဟာ ထန်းပင်ကုန်းကျေးရွာမှ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်တွေက အနီးကပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ တစ်နာရီကျော်ကြာမြင့်တဲ့ အဲဒီတိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းများကို ထန်းပင်ကုန်းရွာအနီး မီးရှို့ထားပြီး မောချောင်း အတွင်းမျောပါလာတဲ့ စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်းကို ဆယ်ယူထားတယ်လို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်မှုကို YDF နဲ့အတူ ၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း တပ်ရင်း -၂ (ခွဲ) (၇)နဲ့ နပတ တပ်ရင်း(၇၀၇ ADF)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး YDF ရဲဘော်တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ပူးပေါင်းအဖွဲ့မှ အထိခိုက်အကျဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
▪︎ယင်းမာပင် ဘန့်ဘွေးရွာရှိ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူများ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများကို ဒီနေ့မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက် အစောပိုင်းက ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအထွက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများကို မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လက်နက်ကြီး၊လက်နက်ငယ်တွေ အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပျူတွေဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးဘူးလို့ KLG PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


















































