▪︎မြန်မာလေတပ်ရဲ့ လက်နက်ပွဲစား ကျော်မင်းဦးနဲ့ ၎င်းပိုင်ကုမ္ပဏီတို့ကို အမေရိကန် အရေးယူဒဏ်ခတ်
မြန်မာစစ်တပ်အတွက် စစ်လေယာဥ်အစိတ်အပိုင်းများ တင်သွင်းပေးနေတဲ့ လက်နက်ပွဲစား ဦးကျော်မင်းဦးနဲ့ ၎င်းပိုင် Sky Aviator ကုမ္ပဏီတို့ကို အမေရိကန်က အရေးယူဒဏ်ခတ်လိုက်ပါတယ်။ မနေ့က ကြေညာလိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန် ချက်မှာ အခုတကြိမ်အရေးယူမှုဟာ အာဏာရှင်အဖွဲ့အစည်းရဲ့ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နဲ့ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးနေ သူများအပေါ် အမေရိကန်အစိုးရက ထပ်တိုးအရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ အမေရိကန်ဟာ အာဏာရှင်အဖွဲ့အစည်းကို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရှိစေဖို့၊ တာဝန်ခံမှု တာဝန်ယူမှုရှိစေဖို့ ဆောင်ရွက်ခြင်းနဲ့ မြန်မာပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာမှာ စစ်တပ်အသုံးပြုတဲ့ ဝင်ငွေရလမ်း၊ အရင်းအမြစ်များကို ဖြတ်တောက်ခြင်းတို့ကို မိတ်ဘက်နိုင်ငံတွေနဲ့အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်လို့ကြေညာပါတယ်။

▪︎စစ်ကောင်စီတပ်သတ်ဖြတ်သွားတဲ့ သားရဲ့ရုပ်အလောင်းကိုမြင်ပြီးနောက် မိခင်ဖြစ်သူပါ ကွယ်လွန်
စစ်ကောင်စီတပ် မနေ့ညက မီးရှို့ခဲ့တဲ့ ပျားကျေးရွာမှ ဒေသခံတစ်ဦးသတ်ဖြတ်ခံရတယ်လို့ မြင်းခြံဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတဲ့ သားဖြစ်သူရဲ့ ရုပ်အလောင်းကို မြင်တွေ့ပြီးနောက် မိခင်ဖြစ်သူပါကွယ်လွယ်သွားတယ်လို့ နောက်ဆက်တွဲသတင်းများအရသိရပါတယ်။ မနေ့ ညနေပိုင်းက ပျားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခဲ့လို့ ဒေသခံများထွက်ပြေးပုန်းရှောင်ခဲ့ရကာ ဒီနေ့ မနက်မှာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ မီးလောင်ပျက်စီးမှု အခြေအနေနဲ့ ရွာသူရွာသားများ ဖမ်းဆီးခံရမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီကလည်း ပျားကျေးရွာ ဖြစ်စဉ်ကို ဖော်ပြရာ ရွာမှထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသား ကိုဇော်မျိုးနိုင်ဟာ ဒီနေ့မနက်ပိုင်း ရွာပြန်ကာ နွားလှည်းကောက်ယူစဉ် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။
▪︎KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စုအတွင်း ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ခရစ္စယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းပျက်စီးသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ (၉) ရက် နံနက်(၁)ဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူလူထုကိုပစ်မှတ်ထားကာ လေကြောင်းနဲ့ KNU တပ်မဟာ ၅ ရှိတာဘောကော်ဒဲကျေးရွာအတွင်းသို့ ဗုံးကြဲခဲ့တာပါ။

Public Service Announcement

ဘုရားကျောင်း အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ နေအိမ်များထိခိုက်မှုရှိခဲ့ပြီး အရေအတွက်အတိအကျကို စီစစ်အတည်ပြုနေဆဲ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။ ညအချိန် တိုက်ခိုက်ခံရတာကြောင့် ဘုရားကျောင်းနဲ့ စာသင်ကျောင်းမှာ လူမရှိဘဲ ထိခိုက်သေဆုံး အခြေအနေ မကြားရသေးကြောင်းနဲ့ ထိခိုက်မှုရှိ၊ မရှိကို ဆက်လက် စိစစ်နေဆဲဖြစ်တယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

▪︎အမရပူရမှာ ရဲဒုတပ်ကြပ် ပစ်ခတ်ရှင်းလင်းခံရ
မန္တလေးမြို့၊ အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုတပ်ကြပ် သူရအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြစ်ငယ် PDF က ထုတ်ပြန်ပါတယ်။ ပစ်ခတ်ခံရသူ ရဲဒုတပ်ကြပ်ဟာ မြို့နယ်ရဲတပ်မှူးရုံးက ယာဉ်မောင်းဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်က သောက်စားပြန်လာချိန်မှာ ပစ်ခတ်ခဲ့တာလို့ မြစ်ငယ် PDF ကဆိုပါတယ်။ ပစ်ခတ်ရှင်းလင်းပြီးနောက် ဧရာဝတီမြစ်ထဲ ပစ်ခဲ့တယ်လို့သိရပါတယ်။ ရဲဒုတပ်ကြပ်ဆီကနေ ကျည် အတောင့် ၉၀ ကျော် ၊ပိုက်ဆံ ၈သောင်း၇ ထောင်ကျော် ၊ဖုန်းတစ်လုံးနဲ့ လက်စွပ်တစ်ကွင်းကိုသိမ်းဆည်းရမိတယ်လို့မြစ်ငယ် PDF က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

▪︎အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး
နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားလူငယ်တစ်ဦး နှလုံးရပ်ပြီး အိုးဘိုထောင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးပါးသွားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၇ ရက် ညပိုင်းမှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက် VOMDY ဖေ့စ်ဘုတ်စာမျက်နှာက အသိပေးပါတယ်။ ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသားအမည်ဟာ အိမ့်သူထက် လို့သိရပြီး မဟာအောင်မြေမြို့နယ် ၊ရွှေဘုန်းရှိန်ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ မတရား ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အိုးဘိုထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်အုပ်စုရဲ့ ထောင်တွင်းဖိနှိပ်မှုတွေ ရှိနေတယ်လို့ ထောင်တွင်းကနေ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။
▪︎အာရှလမ်းမှာ ခရီးသည်တင်ယာဥ်ငယ် မတော်တဆဖြစ်ပြီး ကားပေါ်ပါသူ ၇ ဦးစလုံး သေဆုံး
မြဝတီ – ကော့ကရိတ်အာရှလမ်းမှာ ဟိုက်အေ့စ်ခရီးသည်တင်ကားငယ်တစ်စီး အရှိန်လွန်ပြီး အုတ်ခုံကိုဝင်တိုက်ရာ ကားပေါ်ပါ ယာဉ်မောင်းနဲ့ ခရီးသည်ခုနှစ်ဦးစလုံးသေဆုံးသွားတယ်လို့ သိရပါတယ်။ ခရီးသည် ၆ဦးနဲ့ ယာဉ်မောင်းတစ်ဦး ပါတဲ့ ခရီးသည်တင်ကားငယ်တစ်စီးဟာ မြဝတီ – ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်အနီး ဒီနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့တာပါ။ ယာဥ်ပေါ်မှာ အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာပါတယ်။ အဲဒီယာဥ်ဟာ မြဝတီ-ပဲခူးပြေးဆွဲတဲ့ယာဥ်ဖြစ်တယ်လို့ ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်ပါတယ်။


▪︎တန့်ဆည်မှာ စစ်ကောင်စီတပ်ကို PDFက နှစ်ကြိမ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို မနေ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းကတန့်ဆည်နယ် ပေါင်ဂဒေါင် ရေငုပ်ပြွန်မှ အောင်စွာရွာဘက်သို့ ဖြတ်ကူးနေတဲ့ အင်အား ၂၀၀ ကျော်ပါ ခမရ (၃၆၁၊၃၆၉)မှ စစ်ကောင်စီတပ်စစ်ကြောင်းကို တန့်ဆည်(ပကဖ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးတယ်လို့ တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောပါတယ်။ ညပိုင်းမှာလည်း တန့်ဆည်နယ် အင်္ကုက္ကားရွာ အနောက်ဘက် ကျွန်းပင်တန်းဘက် ထွက်လာတဲ့ ရွာများကို မီးလိုက်ရှို့၊ အကြမ်းဖက်နေသော ပျူတွေကို တန့်ဆည်(ပကဖ)အဖွဲ့က ပဒေသာမိုင်း သုံးလုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိထိမိမိတိုက်ခိုက်နိုင်ခဲ့လို့ အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်လို့ အတိအကျမခန့်မှန်းနိုင်ဘူးလို့ တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောပါတယ်။
▪︎စစ်ကောင်စီဖွင့်လှစ်တဲ့ စာသင်ကျောင်းကို အသိအမှတ်မပြုဘူးလို့ ဖယ်ခုံနဲ့ မိုးဗြဲ PDF သတိပေး
စစ်ကောင်စီဖွင့်လှစ်တဲ့ စာသင်ကျောင်းကို အသိအမှတ်ပြုမှာ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အမည်များကို အလွဲသုံးစားပြုလုပ်တဲ့ အပေါ် တာဝန်ခံရမယ်လို့ ဖယ်ခုံနဲ့ မိုးဗြဲ PDF တပ်ဖွဲ့တွေက ဒီနေ့ သတိပေးထုတ်ပြန်ပါတယ်။ ဖယ်ခုံမြို့နယ်၊ နန်းဟူးရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းမှာ စစ်ကောင်စီရဲ့ Non-CDM များ ဦးဆောင်ဖွင့်လှစ်နေတဲ့ အပေါ် ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစု တစ်ရပ်လုံးအနေဖြင့် လုံး၀ (လုံး၀) အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။ အဲဒီကျောင်းဖွင့်လှစ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့သူတွေဟာ ဖယ်ခုံမြို့နယ် တော်လှန်ရေးအင်အားစုများရှိ သက်ဆိုင်ရာ တပ်ရင်းမှူးများနဲ့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း မိဘပြည်သူများကို မှားယွင်းစွာ သတင်းပေးခဲ့မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်လို့ ဖော်ပြပါတယ်။
▪︎မုံရွာ ခမရ(၁၆)အရာရှိအိမ်ရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ခမရ(၁၆)အရာရှိအိမ်ရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Triangle Force အဖွဲ့ တာဝန် ခံ ကိုမင်းခေါင်က ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် ည ၇ နာရီ ၄၅မိနစ်ခန့်က မုံရွာ မြို့ ခမရ(၁၆)အရာရှိအိမ်ရာကို PDF နှစ်ဖွဲ့ပေါင်းကာ (၄၀)မမ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့် ဆိုပါတယ်။ ပစ်မှတ်ကို ထိအောင်ပစ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ယောက်ထိကာ ခြေထောက်ဖြတ်ပစ်ရမယ်လို့ သိရကြောင်း ကိုမင်းခေါင်က ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို ရွှေတြိဂံ(GTF)နဲ့ Chindwin attact Force တပ်ရင်း ၂ တပ်ခွဲ ၄ Fight For People တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။


















































