Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ကြဖို့ နိုင်ငံတကာကို အမေရိကန်တိုက်တွန်း

စစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့ အမည်ခံရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြင်းပယ်ကြဖို့ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့မှာ အမေရိကန် အစိုးရက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီဟာ ဟန်ပြရွေးကောက်ပွဲ တစ်ရပ်စီစဉ်နေပြီး အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိဖို့မဖြစ်နိုင်ဘူးလို့nအမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။ နောက်ပြီး အကြမ်းဖက်မှုတွေ ပိုဖြစ်ပွားလာဖို့တွန်းအားဖြစ်လာမှာဖြစ်ပြီး ၊အကြပ်အတည်းကို ပိုမိုကြာစေမှာဖြစ်သလို တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေလိမ့်မယ်လို့ ဘလင်ကန်က ဆိုပါတယ်။

စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကာ NUG၊ NUCC အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကိုအ​မေရီကန်တိုက်တွန်း
စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲကို ငြင်းပယ်ကာ NUG၊ NUCC အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကိုအ​မေရီကန်တိုက်တွန်း

အမေရိကန်အစိုးရဟာ NUG ၊ NUCC အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ အသိအမှတ်ပြုထိတွေ့ဆောင်ရွက်နေပြီး နိုင်ငံတကာကိုလည်း အဲဒီလို ထိတွေ့လုပ်ဆောင်ဖို့ အကြံပြုပါတယ်။ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုများအတွက် နောက်ဆက်တွဲအကျိုးဆက် အရေးယူမှု အစီအမံများကို အမေရိကန်က သူတို့ရဲ့ မဟာမိတ်များ၊ မိတ်ဖက်များနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တပါတည်းကြေညာပါတယ်။ အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရင်း တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှုတို့ ရှိစေဖို့၊ အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်များကို ပိတ်ဆို့ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတိပေးပါတယ်။

▪︎ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို

မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးအတွက် ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့မှာ ပြင်သစ်က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှစလို့ နိုင်ငံရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးထောင်ချထားခြင်းခံရသူများ လွတ်မြောက်ရေးနဲ့ အရပ်ဘက်ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးတို့အတွက် ထပ်မံတောင်းဆိုထားတာပါ။ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၂၀ နို၀င်ဘာလ ၈ ရက်မှာ မြန်မာနိုင်ငံဟာ နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သော အရပ်သားအစိုးရက စီမံကျင်းပခဲ့တာလို့ ပြင်သစ်က ဖော်ပြပါတယ်။ မြန်မာပြည်သူလူထုဟာ သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်များကို မဲပုံးမှတဆင့် ထုတ်ဖော်ခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရတယ်လို့လည်း ပြင်သစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို
ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို

▪︎မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးနိုင်မှ ပြဿနာပြေလည်ရေးလမ်းစရနိုင်မယ်လို့ NLDအသိပေး

အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်ကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်မှန်တဲ့ ကိုယ်စားပြုမှုရှိသောခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်းလည်း NLD က ဖော်ပြပါတယ်။

အဲဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဦးစားပေးဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းပါတယ်။ NLD ဟာ တိုင်းရင်းသား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနဲ့အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသားအင်အားစုများ၊ မိတ်ဖက်အဖွဲ့အစည်းများ နဲ့ တစိုက်မတ်မတ်လက်တွဲဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

▪︎မြိုင်နယ်မှာ ပျူအဖွဲ့ရမ်းပစ်လို့ ဘိုးဘွားနှစ်ဦးလက်နက်ကြီးထိမှန်၊ အဘိုးအို သေဆုံးပြီး အဘွားအို ခြေဖြတ်လိုက်ရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့က ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ချောင်းဦးတိုကျေးရွာနေ သက်ကြီးဘိုးဘွားနှစ်ဦး လက်နက်ကြီး ထိမှန်ကာ အဘိုးအိုပွဲချင်းပြီးသေဆုံးပြီး အဘွား​အိုခြေနှစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက် ညပိုင်းက မြိုင်မြို့နယ်အနောက်တောင်ပိုင်း၊ ဝက်ပုတ်ရွာအတွင်းရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဝက်ပုတ်ရွာ ပျူစခန်းအတွင်းရှိ စစ်ကောင်စီတပ်နဲ့ ပျူတွေကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ ၎င်းတို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ချောင်းဦးတိုရွာမှ နေအိမ်တစ်လုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်ရှိ အသက် (၆၀)ကျော် သက်ကြီးဘိုးဘွားနှစ်ဦးလုံးကို ထိမှန်ခဲ့တာလို့ We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

▪︎ဝက်လက်အရှေ့ဘက် စစ်ကောင်စီတပ်လက်နက်ကြီးကျည် မိသားစုဝင်လေးဦးထိမှန်၊ မိခင်သေဆုံးကာ သားအဖနှစ်ဦး စိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မနေ့ညက ရှိမ်းမကားနယ်မြေရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ​မိသားစုဝင်လေးဦး ထိမှန်ခဲ့ပြီး ကလေးမိခင်တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်အရှေ့ဘက် ရှိမ်းမကား‌ကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုဟာ ကျေးရွာနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့တာလို့ ဆိုပါတယ်။ အိမ်ထဲရှိ အဘွားဖြစ်သူမှာ ခါးထိမှန်ဒဏ်ရာရခဲ့ပြီး လင်မယားနှစ်ဦး၊ သူတို့ရဲ့ (၂)နှစ်ရွယ် သမီးတစ်ဦးတို့ကိုလည်း ထိမှန်ခဲ့ကာ ​က​လေးမိခင်မှာသေဆုံးခဲ့ပြီး ကလေးဖခင်နဲ့ ကလေးငယ်မှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ပိတောက်ခြုံကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေကို ဝင်ရောက်မွှေနှောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို ခင်ဦးတော်လှန်ရေးပူးပေါင်းတပ်များ တပြိုင်တည်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မနေ့ညက စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုကို (၆၀)မမလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိတယ်လို့ ‌Khin U Specialforce Organization-KSO အဖွဲ့ တာဝန်ခံက ပြောပါတယ်။ ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရွာသစ်ကုန်းကျေးရွာ၊ အင်းပတ်ကွေ့နဲ့ မူးတိမ်ချောင်းတံတား စုစုပေါင်း သုံးနေရာကို လက်လုပ်နှစ်ဆင့် ကွဲ (၆၀)မမ ၁၂ ချက်ခန့် သွားရောက်ပစ်သွင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးသွားတယ်လို့ သတင်းရကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များ ၊(၄၀)မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

▪︎ရေစကြိုနယ် ပျူစောထီးအဖွဲဲ့ရဲ့ စက်လှေတစ်စီးမြှုပ်ပြီး ပျူနှစ်ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကူလာတဲ့ ပျူစောထီးအဖွဲ့စက်လှေတွေကို ပစ်ခတ်တိုက်ခိုက်ရာ တစ်စီးမြုပ်သွားပြီး ပျူနှစ်ဦးသေဆုံးတယ်လို့ MG 6ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၃ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာတဲ့ ရေစကြိုမြို့ ပခန်းငယ်စစ်ကြောင်းအတွက် စစ်ကူလာတဲ့ ပျူစောထီးအဖွဲ့များလိုက်ပါလာသော စက်လှေစီးကိုမဟာမိတ်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီပစ်ခက်တိုက်ခိုက်မှုကြောင့် စက်လှေသုံးစီးအနက် တစ်စီးမှာ မြုပ်သွားပြီး တစ်စီးမှာ မီးခိုးများထွက်ကာ ကမ်းသို့ကပ်သွားခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး သတင်းပေးချက်အရ မြုပ်သွားတဲ့ စက်လှေတစ်စီးပေါ်ပါ ပျူနှစ်ဦးသေဆုံးပြီး လက်နက်များလည်းပါသွားတယ်လို့ MG 6ပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

▪︎ယင်းမာပင်မြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲရာနေရာတွေကို မဟာမိတ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်အုပ်စုအခြေချရာနေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ လက်နက်ထားတဲ့ အဆောက်အအုံပါ ထိခိုက်သွားတယ်လို့ Salingyi Border Task Force – SBTF ဆားလင်းကြီးမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက် ညက ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ရဲစခန်း၊စုပေါင်းရုံးနဲ့ ကင်းပုန်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းကာ လက်နက်ကြီး (၆၀)မမ ၊(၁၂၀)မမတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ကင်းပုန်းလာတဲ့ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိတယ်လို့ ဆားလင်းကြီးပကဖအဖွဲ့ တာဝန်ခံက ပြောပါတယ်။

▪︎စစ်ကောင်စီတပ်ယာဥ်တစ်စီး မြင်းခြံမြို့အလာလမ်းမှာ မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မြို့သာ – မြင်းခြံလမ်းပေါ်မှာ စစ်ကောင်စီတပ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ မြင်းခြံမြို့သို့ထွက်ခွာလာတဲ့ စစ်ကားတစ်စီးကို မြို့သာ-မြင်းခြံလမ်းပေါ် ထန်းတောကြီးကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဖော်ပြပါတယ်။ ပြည်သူများအနေနဲ့ စစ်ကောင်စီယာဥ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။