Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ဝါဒဖြန့်ပြဇာတ်တွင်ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းတိုက်ခိုက်​သောဇာတ်ဝင်ခန်းများ ထည့်သွင်းကပြ

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။

(စစ်​ကောင်စီ၏ ဝါဒဖြန့် ပြဇာတ် ဇာတ်ဝန်ခန်းတစ်ခန်း)
(စစ်​ကောင်စီ၏ ဝါဒဖြန့် ပြဇာတ် ဇာတ်ဝန်ခန်းတစ်ခန်း)

▪︎အာဏာသိမ်းစစ်​ခေါင်း​ဆောင်ကဂုဏ်ပြု​ငွေ​ပေး

နေပြည်တော်တွင်ယမန်နေ့ညကပြုလုပ်ခဲ့သည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ၌ ပြဇာတ်ကပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းထားသည့် ဇာတ်ဝင်ခန်းအချို့ ထည့်သွင်းကပြ ၍ တိုက်ခိုက်ဝါဒဖြန့်သွားကြောင်း ပြည်သူများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်နေ့)ည ၆ နာရီခွဲခန့်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟုဆိုကာ စစ်ကောင်စီကနေပြည်တော်၊မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ပဒေသာကပွဲ ပြုလုပ်ခဲ့သည်။

(စစ်​ကောင်စီ၏ ဝါဒဖြန့် ပြဇာတ် ဇာတ်ဝန်ခန်းတစ်ခန်း)
(စစ်​ကောင်စီ၏ ဝါဒဖြန့် ပြဇာတ် ဇာတ်ဝန်ခန်းတစ်ခန်း)

ထိုပဒေသာကပွဲအား အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်းတက်ရောက်ခဲ့သည်။ ထိုပွဲကို MRTVကလည်း တိုက်ရိုက်လွှင့်ခဲ့သည်။

ထိုပွဲ၌ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က “ပျော်ရွှင်ခြင်းအိမ်”ပြဇာတ်ကို စီစဥ်ညွန်ကြားကပြစေခဲ့သည်။ ထိုပြဇာတ်တွင် ရန်အောင်၊ ​ရဲအောင်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ မုဏ်း၊ ငြိမ်းချမ်း၊ ဒိန်းဒေါင်၊ စိုးသီဟ၊ နွဲ့နွဲ့စန်းနှင့် အမေများအဖွဲ့၊ MRTV4 Presenter ဟောင်း တေဇာကျော်၊ မေသင်းကိုတို့က ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြဇာတ်မှာ မိခင်ကြီးသေဆုံးသွားပြီးနောက် ကျန်ရစ်သူမိသားစုဝင်များ အမွေလိုက်ရှာပြီး တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ကြသော ဇာတ်လမ်းဖြစ်ကြောင်း ကြည့်ရှုလိုက်ရသူများက ပြောသည်။

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။

နာရေးအိမ်လာသောအမျိုးသမီးကြီးတစ်ဦးက”သူတို့အမေရက်လည်ကလည်း လူမလာပါ့လား။”ဟု ပြောဆိုရာ ဒေါ်နွဲ့နွဲ့စန်းက “ဘယ်လာပါ့မလဲ။ သူတို့ညီအစ်ကိုတွေကလည်း တစ်ရပ်လုံးနဲ့မတည့်တဲ့ဟာတွေ။ နောက်ပြီး စိတ်ရင်းကလည်းညံ့ အတွေးအခေါ်ကလည်းညံ့ ဘယ်လာပါ့မလဲ။”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် သေလွန်ပြီးအမေ၏ ကိုယ်ရေးအချက်အလက်ကိုသားသမီးများက ပြောဆိုသည့်အခါ အမေမှာ အသက်၇၅မှ၈၅နှစ်အတွင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“အမေက ပိန်ပိန်သေးသေးပါ။”ဟု ရဲအောင်က ပြဇာတ်၌ ထည့်သွင်းပြောကြားသည်။

“အဘွားကြီးပစ္စည်းတွေ သွားရှာမလို့လား။ မရှာနဲ့ ဘာဆိုဘာမှမရှိဘူး။ အဘွားကြီးက ဘာပစ္စည်းမှမထားခဲ့ဘူးရှင်းလား။” ဟု သရုပ်ဆောင်စိုးသီဟက ပြဇာတ်ဇာတ်ဝင်ခန်းတွင် ပြောသည်။

အရှေ့တံခါး အနောက်တံခါးများ လုံခြုံအောင်ပိတ်ရန်ဆိုသည့်စကားများလည်း ထည့်သွင်းပြောကြားခဲ့ကြသည်။

ထိုပြဇာတ်၌ သေဆုံးသူအမေဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အား ရည်ရွယ်ထည့်သွင်းထားခြင်းဖြစ်ကြောင်း ပြည်သူများက ပြောသည်။

“၈၈ တုန်းက အဖေနဲ့သားများလိုလုပ်တာ။ ဒီပြဇာတ်က ပိုဆိုးတယ်။ ဒေါသတော်တော်ထွက်တယ်။”ဟု ပြဇာတ်ကြည့်ခဲ့​သောပြည်သူတစ်ဦးက ပြောသည်။

“​မတရားဖမ်းဆီး​ထောင်ချခံ​နေရတဲ့သူကို အခုလိုတိုက်ခိုက်ကြတာအ​တော်သူရဲ​​ဘောကြောင်နဲ့သူ​တွေ ။အခုလိုပြဇာတ်ခန်းနဲ့ကပြတာက ယတြာ​ချေချင်တာလည်းဖြစ်နိုင်တယ် ။မင်း​အောင်လှိုင်ကယတြာ​တွေ ​​​ဗေဒင်​တွေအ​တော်ယုံတာကို ။ စစ်​ခေါင်း​ဆောင်အကြိုက် ကပြတဲ့အနုပညာသမား​တွေကလည်း အ​တော်စိတ်ပျက်ရွံရှာဖို့​ကောင်းတယ် ။သူတို့အားလုံးကိုပြည်သူ​တွေဒဏ်ပြန်ခပ်ရမယ်”ဟု ပြည်သူတစ်ဦးကလည်း​ပြောသည်။

အသက် ၇၆ နှစ်အရွယ်​နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်​​အုပ်စုက ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်ကတည်းက မတရားသဖြင့်ဖမ်းဆီး၍နှစ်ရှည်ထာင်ဒဏ်များချမှနိုင်​သော ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆိုထားသည်။လက်ရှိ ​ဒေါ်​အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်​နှောင်ထား​သော ​နေပြည်​တော်​ထောင်အ​ခြေအ​နေမှာ ရန်ကုန်အင်းစိန်​ထောင်ထက်ပိုဆိုး​ကြောင်းလည်း ဖမ်းဆီး​ထောင်ချခံရာမှမကြာ​သေးမီက လွတ်​မြောက်လာ​သော သြစ​တြေးလျနိုင်ငံသားစီးပွား​ရေးပညာရှင်မစ္စတာ​ရှောင်တာနယ်လ်က​ပြောသည်။

ထိုပွဲစီစဥ်သူများအနက် ဂရိတ်ဦးဖိုးစိန်၏ မျိုးဆက် ပတ္တမြားကေခိုင်လည်း ပါဝင်ခဲ့သည်။ ပတ္တာမြားကေခိုင်နှင့် တင်မောင်ဆန်းမင်းဝင်းတို့သည် ယခင်ကလည်း လှည်သားငါးရာပြဇာတ်ကို နေပြည်တော်၌ သွားရောက်ကပြပေးခဲ့ဖူးပြီး စစ်ကောင်စီအတွက် အားကြိုးမာန်တက်ဆောင်ရွက်ပေးတတ်သူများဖြစ်သည်။

ထိုပဒေသာကပွဲတွင် ဒါရိုက်တာကျော်ဇောလင်း(အ တွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်း တို့တာ ဝန်ယူတင်ဆက်သည့် “လွတ်လပ်ရေးနေ့ဂုဏ်ပြုအစီအစဉ်”၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီ သုံးပန်လှ(အပျိုတော်ကြီး)”၊ တေးသံရှင်ကေတုဝင်းထွဋ်၊သန်းမြတ်စိုး၊ရွှေထိုက်တို့က သီဆိုဖျော်ဖြေခဲ့ကြသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ရုပ်သံလိုင်း MRTVက ကြေညာသည်။

လွတ်လပ်ရေးနေ့ဂုဏ်ပြုသီချင်းဟုဆို​သော “စိန်ရတုတိုင်ခဲ့ပြီ”သီချင်းအား တေးသံရှင် ထူးအယ်လင်း၊ဇင်သူဇာထွန်း၊ဇင်သူသူထွန်း၊မင်းသားလေးတို့ကလည်းသီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဒါရိုက်တာကိုသက်(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)မှ “ပြန်လည်ဆုံတွေ့ကြရာဝယ်”နှစ်သံတစ်ကိုယ်တင်ဆက်မှုဖြင့်ဖျော်ဖြေကာ လူရွှင် တော် Talent ပြိုင်ပွဲတေးသံရှင်ပူစူး၊ဝိုင်းလမင်းအောင်၊အမေများအဖွဲ့နှင့်မမများအဖွဲ့၊ ထား၊ L ဆိုင်းဇီ၊ ရွှေယမင်းဦးတို့ကဖျော်ဖြေခဲ့ကြသည်။

ထို့ပြင် မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က“ကောင်းသောည”တေးဂီတဖျော်ဖြေမှု၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးက မွန် ပြည်နယ်မှစိုးသဘင်မင်းဗိုလ်ဇာတ်အဖွဲ့မှ ဖျော် ဖြေကာ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) မှလည်း “စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအစီအစဉ်”တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် အာဏာသိမ်းစစ်ခေါင်းဆောင်ကထိုအနုပညာရှင်ဆိုသူများအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများပေးခဲ့သည်။ ထိုပဒေသာကပွဲအား နိုဝင်ဘာ ၂၆ ရက်မှစ၍ ၅ ရက်တိုင်တိုင်ကျင်းပမည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။