Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (နိုဝင်ဘာ ၂၉ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နိုင်ငံတကာနဲ့ လူထုအင်အားကို ချိတ်ဆက်ပြီးနွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းဖို့ ယာယီသမ္မတတိုက်တွန်း

နိုင်ငံတကာအင်အားနဲ့ ပြည်တွင်းလူထု အင်အားကိုချိတ်ဆက်ကာ နွေဦးတော်လှန်ရေး အောင်ပွဲကို အားလုံးအတူတကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပါတယ်။ NUG အစိုးရအဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေများပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်တွင်းနိုင်ငံရေးရေချိန်နဲ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းမျာအကြား ချိတ်ဆက်ရပ်တည်နေတယ်လို့ သူက ဆိုပါတယ်။ ပြည်တွင်း၊ပြည်ပအသီးသီးရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကလည်း နွေဦးတော်လှန်ရေးရဲ့ နဂိုမူလ ထောက်ပံ့ရေး ရင်းမြစ်များ ဖြစ်ပြီး ပြည်တွင်း ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ရယူထားဖို့ လိုအပ်သလို နိုင်ငံတကာအစိုးရတွေရဲ့ လေးစားယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်ရမယ်လို့ ယာယီသမ္မတက ပြောပါတယ်။

နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း
နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း

▪︎မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးဖို့ဂျပန်သတင်းထောက်ကတဆင့် နိုင်ငံတကာကို နိုင်ကျဥ်းတွေ တောင်းဆို

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေး ကူညီဆောင်ရွက်ပေးဖို့ နိုင်ငံရေးအကျဥ်းသားတွေက ဂျပန်သတင်းထောက် Kubota ကတဆင့် နိုင်ငံတကာကို တောင်းဆိုပါတယ်။ နိုဝင်ဘာ ၁၇ ရက်က အင်းစိန်အကျဥ်းထောင်ကနေ လွတ်မြောက်သွားတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဖန်တီးသူ၊ အလွတ်တန်းသတင်းထောက် Kubota ဟာ မနေ့က တိုကျိုမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်အာဏာရှင်လက်အောက်မှာ မြန်မာပြည်သူတွေခံစားနေရတဲ့အကြောင်းတွေကို ပြောဆိုသွားခဲ့ ပါတယ်။ Kubota ဟာ သုံးလကျော်ကြာ သူ အကျဥ်းကျနေတဲ့ကာလအတွင်း အခန်းဖော် နိုင်ငံရေးအကျဥ်းသားတွေရဲ့ သတင်းစကားတွေကို သယ်ဆောင်လာခဲ့ပြီး မြန်မာဘာသာနဲ့ရေးသားထားတဲ့စာတစောင်မှာ ‘မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေး ကူညီပေးမယ့်သူတွေကို မျှော်လင့်ပါတယ်’လို့ ရေးသားပါတယ်။ အခြားစာတစ်စောင်မှာလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ ကျေးဇူးတင်ပါတယ်လို့ ရေးသားထားပါတယ်။

Toru Kubota, a Japanese journalist jailed for more than three months in Myanmar, speaks during a press conference at the Foreign Correspondents’ Club of Japan (FCCJ) Monday, Nov. 28, 2022, in Tokyo. (AP Photo/Shuji Kajiyama)

▪︎လန်ဒန်မှာ ကျင်းပတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားဆီးခြင်းဆိုင်ရာ ညီလာခံမှာ မြန်မာအရပ်ဘက်အဖွဲ့တွေ တက်ရောက်

နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားဆီးခြင်းဆိုင်ရာ ညီလာခံ(PSVI)ကို မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များတက်ရောက်ခဲ့တယ်လို့ ရန်ကုန်မြို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။ အဲဒီညီလာခံကို လန်ဒန်မြို့မှာ ယူကေအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။ ပဋိပက္ခနဲ့ ဆက်စပ်လျက်ရှိတဲ့ လိင်အကြမ်းဖက်မှု(CRSV)တွေဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ လူနေမှုဘဝတွေကို ပြိုကွဲစေနိုင်ပြီး လူ့အသိုင်းအဝိုင်းမှာ အမာရွတ်သဖွယ်ကျန်ရစ်လျက်ရှိနေတယ်လို့ ဗြိတိန်သံရုံးက ဖော်ပြပါတယ်။ ညီလာခံဟာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆန်ကျင်ရေးကို တစ်ကမ္ဘာလုံးအနေနဲ့ အင်တိုက်အားတိုက် တုံ့ပြန်လုပ်ဆောင်လာစေရေးကို တိုးမြှင့်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးရေး၊ တရားမျှတမှုရှာဖွေရေးနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ပံ့ပိုးကူညီမှု မြှင့်တင်ခြင်းနည်းလမ်းများစွာတို့ဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪︎စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပြင်ဆင်မှုကို ကုလ အလွန်အမင်းစိုးရိမ်

တရားမဝင်အာဏာသိမ်းစစ်ကောင်စီက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ခြင်းနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး(OHCHR)က မနေ့ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍနဲ့ လူ့အခွင့်အရေးတွေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိစေလို့ အခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်ခြင်း၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်ခြင်း အပါအဝင် များပြားလှတဲ့အရေးယူလုပ်ဆောင်မှုတွေ ချမှတ်ခဲ့ပါတယ်။ စစ်တပ်ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တို့လို အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်မှု ကျင့်သုံးမှုတွေကို တားမြစ်ခဲ့ပါတယ်။ စစ်ကောင်စီ အခုပြင်ဆင်ပြဌာန်းတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုဆိုင်ရာပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

(OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver ။ ။ဓါတ်ပုံ-UNMyanmar)
(OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver ။ ။ဓါတ်ပုံ-UNMyanmar)

▪︎ရွာလုံးကျွတ်နီးပါးမီးရှို့ခံရတဲ့ အင်ကြင်းကုန်းရွာကို စစ်ကောင်စီတပ်မီးထပ်ရှို့

စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးလျက်ရှိရာ မနေ့က အင်ကြင်းကုန်းကျေးရွာ နဲ့ အလယ်တောရွာ မီးရှို့ခံခဲ့ရပြီး ဒီနေ့မနက်မှာ အင်ကြင်းကုန်းရွာကို ထပ်မံ မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အင်ကြင်းကုန်းရွာဟာ မနေ့ကတည်းက ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပြီး ကျန်ရှိတဲ့အိမ်တွေကို ဒီနေ့မနက် ထပ်ရှို့နေတာလို့ ဒေသခံက ရှင်းပြပါတယ်။ အင်ကြင်းကုန်းရွာကို မီးရှို့ခဲ့ပြီး အင်းတိမ်ရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးခဲ့လို့ အရပ်သားတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထီးချိုင့်နယ်ကို ဝင်လာတဲ့ စစ်ကြောင်း နှစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်း နှစ်ခု ပေါင်းသွားရာ အင်အား ၁၈၀ ကျော်ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးကခန့်မှန်းပါတယ်။

(စစ်​ကောင်စီတပ်က မီးရှို့၍ အင်ကြင်းကုန်းရွာ မီး​လောင်​နေသည့်ကိုနိုဝင်ဘာ ၂၉ နံနက်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်က မီးရှို့၍ အင်ကြင်းကုန်းရွာ မီး​လောင်​နေသည့်ကိုနိုဝင်ဘာ ၂၉ နံနက်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-TR)

▪︎ပေါက်နယ်မှာ စစ်အုပ်စုက တစ်ရက်တည်း ကျေးရွာသုံးရွာကို မီးရှို့

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက တစ်ရက်တည်း ကျေးရွာ သုံးရွာမှ နေအိမ် ၁၀၀ခန့်ကို မီးရှို့ဖျက်ဆီးသွားလို့ အကူအညီများလိုအပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဇီးပြားစခန်းမှ ပေါက်မြို့နယ်ဘက် ဦးတည်ထွက်လာတဲ့ စစ်အုပ်စုဟာ ညောင်ရင်းကျေးရွာမှာ မိုင်းထိပြီးနောက် ကျေးရွာကို မီးဝင်ရှို့ခဲ့ရာ နေအိမ် ၈၆ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း မီးဝင်ရှို့သွားပြီး ခဲပင်အင်းရွာမှ နေအိမ် ခြောက်လုံး၊ ဂွေးဂုဏ်ရွာမှ နေအိမ် လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကောင်စီရဲ့စစ်ကြောင်းကြောင့် ပြည်သူအများအပြား ဘေးဒုက္ခရောက်နေပြီး အဝတ်အထည် စားနပ်ရိက္ခာများ လိုအပ်နေပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

▪︎ရွှေဘို-မန္တလေးလမ်း စစ်ကောင်စီယာဥ်တွေ နှစ်ကြိမ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ် လှတောမှ ရွှေဘိုဘက်ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တွေကို မိုင်း နှစ်ကြိမ်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးတယ်လို့ Shwebo Defense Force(SBDF)အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီတပ်ရဲ့ ကားတစ်စီးကို ရွှေဘို-မန္တလေး လမ်းပိုင်းတစ်နေရာမှာ Shwebo Defense Force(SBDF)စခန်း (၁) နဲ့ မဟာမိတ်များဖြစ်တဲ့ ဒေါင်းနီအရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီလူးဘကျော်တိုက်နယ်၊ တောကျီးကန်းနဲ့ Anyar Revolution အဖွဲ့တို့က လက်နက်ငယ်တွေနဲ့ စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားများ အငိုက်မိပြီး စစ်သားသုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ SBDF အဖွဲ့က ဖော်ပြပါတယ်။ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ ခြောက်ဘီးကားတစ်စီးကို SBDF ပူးပေါင်းတပ်တွေက နေ့ခင်းက နေရာမှာပဲ မိုင်းဆယ်လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားတယ်လို့ ဆိုပါတယ်။

▪︎တရုတ်နယ်စပ်မျဉ်းရှိMNDAAတပ်စခန်းကိုထိုးစစ်ဆင်တဲ့စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိ၊တိုက်ပွဲဆက်ဖြစ်နေ

မြန်မာ-တရုတ်နယ်စပ်ကိုးကန့်ဒေသချင်းရွှေဟော်ရှိကိုးကန့်တပ်မတော်(MNDAA) တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ MNDAAကအသိပေးပါတယ်။နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်းကစပြီးတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအင်အား ၃၅၀ ခန့်ရှိစစ်ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်း၌ ပဋိပက္ခပြေလျော့သွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ၂ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားပါတယ်။အခုတိုက်ပွဲဖြစ်ပွားရာ ဒေသဟာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အထူးဒေသ(၁) ပြန်လည်ထူထောင်ရေး ခုခံ တိုက်ပွဲအပြီး တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ၇နှစ်အကြာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာဖြစ်လို့ အံ့ဩရတယ်လို့ကိုးကန့် သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီတပ်ကနယ်စပ်ဒေသတည်ငြိမ်ရေးကိုအလေးမထားတာဖြစ်လို့ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်ကြောင်းလည်းသူကပြောပါတယ်။MNDAAနဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် ကွတ်ခိုင်၊ မုံးကိုး၊ လားရှိုး၊ သိန္နီ ၊ မူဆယ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် ချင်းရွှေဟော်ဘက်မှာ အခုမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ