Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(နိုဝင်ဘာ ၂၈ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မိုးဗြဲမှာ နင်းမိုင်းထိမှန်လို့ ကလေးငယ်သုံးဦး ဒဏ်ရာရပြီး တစ်ဦးစိုးရိမ်ရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ နင်းမိုင်းထိမှန်လို့ ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီးတစ်ဦးမှာ စိုးရိမ်ရတယ်လို့ Mobye Rescue Team တာဝန်ရှိသူက ပြောပါတယ်။ မိုးဗြဲမြို့အနောက်ခြမ်းနေရာတစ်ခုမှာ မနေ့ နေ့ခင်းက ဖြစ်ပွားခဲ့တဲ့ နင်းမိုင်းပေါက်ကွဲမှုကို Mobye Rescue Team နဲ့ တော်လှန်ရေးမဟာမိတ်တွေ သွားရောက် ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းကိုထိထားတဲ့ ကလေးက စိုးရိမ်ရပြီး ကျန်ကလေးနှစ်ဦးကတော့ ပေါင်နဲ့ ခြေထောက်ကို ထိခိုက်မိတယ်လို့ Mobye Rescue Team တာ၀န်ရှိသူက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမျာ အထူးဂရုစိုက်ဆင်ခြင်ကြဖို့ Mobye Rescue Teamက သတိပေးပါတယ်။ ရှမ်း – ကရင်နီ ဒေသအစပ်ရှိ စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့ကို ဒီနှစ်စက်တင်ဘာ လဆန်းပိုင်းကစလို့ စစ်ကောင်စီက အင်အားအလွန်အကျွံအသုံးပြု ထိုးစစ်ဆင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – Mobye Rescue Team)

▪︎ဖရူဆိုမြို့နယ်အတွင်း ဝင်ထွက်သွားလာခြင်းကို ကရင်နီပြည်အစိုးရ ယာယီပိတ်

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်း ဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်တယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၇ ရက်စွဲပါ အမိန့်စာအရ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူများကို ညှင်း ပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြန်လည်ချေမှုန်းနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအားထုတ်နေတယ်လို့ ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒီနေ့ကစလို့ ဖရူဆိုမြို့အတွင်း ဝင်ထွက်သွားလာခြင်းကို အခြေအနေပေါ်မူတည်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ထားမယ်လို့ အသိပေးပါတယ်။ လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမှာမဟုတ်ဘဲ သွားလာနိုင်မယ့်ရက်ကို ပြန်လည်အသိပေးမယ်လို့ ဆိုပါတယ်။ ဖရူဆို​ဒေသအတွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ ထုတ်ပြန်ချက်တွေကို အ​မြဲနားစွင့်လိုက်နာဆောင်ရွက်ကြဖို့ ကရင်နီတပ်မတော် KA က တိုက်တွန်းပါတယ်။

(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)
(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)

▪︎ထီးချိုင့်နယ်က ရွာတွေကို မီးလာရှို့တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်လာတယ်လို့ ထီးချိုင့်မြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)
(စစ်​ကောင်စီတပ်၏တိုက်​လေယာဥ်တစ်စီး ၊ စစ်တပ်ကမီးရှို့ခဲ့​သော​နေအိမ်များနှင့် ရွာကို​တွေ့ရစဥ်။ဓါတ်ပုံ- TR)

ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာအုပ်စု ဆူးပုတ်ချောင်ရွာကို နိုဝင်ဘာ ၂၅ ရက်က မီးရှို့တဲ့ စစ်ကောင်စီတပ်ကို ကသာခရိုင် တပ်ရင်း(၁)၊ ထီးချိုင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီနေ့မှာ စစ်ကောင်စီတပ်ဟာ အင်ကြင်းကုန်းကျေးရွာကို မီးရှို့နေပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံစစ်ဆင်နွှဲနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ထီးချိုင့်(ပအဖ)တာ၀န်ရှိသူက ပြောပါတယ်။

အင်ကြင်းကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - TR
အင်ကြင်းကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ – TR

▪︎ဒဂုံဆိပ်ကမ်းမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်အချို့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပစ်ခတ်ခဲ့တဲ့အဖွဲ့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ် (၈၁)ရပ်ကွက်မှ အုပ်ချုပ် ရေးမှူး ကျော်သန်းဆိုသူနဲ့ ရာအိမ်မှူးစန်းလှိုင်ဝင်း အပါအဝင် ခြောက်ဦးခန့်မှာ ရပ်ကွက်ဓမ္မာရုံအနီး ဆောက်လုပ်ဆဲအုပ်ချုပ်ရေးရုံးနေရာရှိနေစဥ် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားရာ ဆောက်လက်စအုပ်ချုပ်ရေးရုံးနေရာကို ပြောက်ကျားရဲဘော်များသွားရောက်ကာ ဧည့်စာရင်းတိုင်လိုတယ်လို့ ပြောဆိုပြီး အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ သုံးချက်၊ ရာအိမ်မှူးကို တစ်ချက်နဲ့ အုပ်ချုပ်ရေးမှူးရဲ့ယာဥ်မောင်းဖြစ်သူက ခုခံမည်ပြုလို့ တစ်ချက် အသီးသီးပစ်ခတ်ခဲ့တယ်လို့ ပြောက်ကျားတပ်ဖွဲ့က ရှင်းပြပါတယ်။ ပစ်ခတ်ခဲ့တဲ့ အဖွဲ့ဟာ အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

▪︎အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းက စတင်မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းတော်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နတ်မဟုတ်ကြီးရွာကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် ရွာသားတချို့ကို ဖမ်းဆီးရိုက်နှက်ထားတယ်လို့ Indaw Revolution က ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က မီးရှို့နေတာလို့ ဆိုပါတယ်။ အပြင်က ပြန်လာတဲ့ ရွာသားတွေကို အထဲမဝင်ခိုင်းသလို ရွာသားတချို့လည်း ရွာထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။ မီးရှို့ခံရတဲ့နေအိမ်အရေအတွက်တော့ မသိရသေးဘူးလို့ ဆိုပါတယ်။

▪︎မြိုင်နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပခုက္ကူမြို့ဘက်ကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပခုက္ကူမြို့ဘက်မှ လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ အိုင်းမကျေးရွာကို ဝင်ရောက်မွေနှောက်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဝါးရင့်ချိုင်ကျေးရွာကို တစ်ဖွဲ့ခွဲထွက်လာပြီး ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့လို့ နေအိမ်အချို့ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မနေ့ညက အိုင်းမရွာမှာ အင်အား ၈၀ခန့်နဲ့ တပ်စွဲညအိပ်ခဲ့ပြီး ဝါးရင့်ချိုင်ရွာ ဘုန်းကြီးကျောင်းမှာလည်း အင်အား ၇၀ ခန့် ညအိပ်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ အလားတူ မြိုင်မြို့တောင်ဘက် စက်မှု (၂)ရှိ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ၂၆ နဲ့ ၂၇ ရက်က ချိုင်ဇောက်ကျေးရွာကို နှစ်ရက်ဆက်ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးထားပါတယ်။

▪︎ပေါက်နယ် အောင်စည်သာရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော် ပြာကျ

မကွေးတိုင်း၊ ပေါက်မြို့နယ် အောင်စည်သာကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလကျ်ာက ပြောပါတယ်။ မနေ့ညပိုင်းက စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနဲ့ သရော်ကိုင်းကျေးရွာများရှိ ပျူတွေကို ဇီးပြားရဲစခန်းနဲ့ စာသင်ကျောင်းမှာ သင်တန်းပေးခဲ့ပါတယ်။ အဲဒီနောက် ဇီးပြားရွာ အရှေ့မြောက်ဘက်ရှိ အောင်စည်သာကျေးရွာကို အဲဒီ စစ်ကောင်စီတပ်နဲ့ ပျူများပေါင်းကာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျေးရွာပြည်သူများ မွေးမြူထားတဲ့ နွားနဲ့ဝက်တွေလည်း မီးလောင် သေဆုံးခဲ့တယ်လို့ ကိုလကျ်ာက ပြောပါတယ်၊

▪︎ညောင်ပင်ဝန်းရဲစခန်းကို PDFများပူး​ပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာရှိ ရဲစခန်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူအခြေစိုက် GTR MMU အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းကိုလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ကာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခက်မှုများရှိခဲ့ပြီး ပြည်သူ့ကားများ တိုက်ပွဲကြား ဖြတ်သန်းနေခြင်းကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ GTR MMU အဖွဲ့က ဖော်ပြပါတယ်။ ညောင်ပင်ဝန်းဒေသခံတစ်ဦးကပစ်ခတ်သံတချို့ကြားခဲ့ရပြီး ညနေ ၆ နာရီလောက်မှာ ငြိမ်သွားတယ်လို့ ပြောပါတယ်။

▪︎ရွာမီးရှို့ဖို့လာ​တဲ့ စစ်​ကောင်စီတပ်ကို PDFများခုခံတိုက်ခိုက်လို့ စစ်​ကြောင်းပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ပျားသုံး​ကျေးရွာကို မီးလာရှို့​တဲ့ စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးများကို ​မင်းကင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တွေက နိုဝင်ဘာ ၂၇ ရက်မှာ ခုခံတိုက်ခိုက်ရာ စစ်​ကောင်စီတပ် ပြန်ဆုတ်သွား​တယ်လို့ PDF ​ခေါင်း​ဆောင်တစ်ဦးက​ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပျားသုံးကျေးရွာနဲ့ မလှမ်းမကမ်းက ကျော်ရွာမှာတပ်စွဲပြီး ရွာကို လာရောက် ဖျက်ဆီးတာ ၆ ကြိမ်ရှိခဲ့ပြီး အခုတကြိမ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပြန်လည်ပစ်ခတ်လို့ ပြန်ဆုတ်သွားတယ်လို့ People Defence Force Taung Dwin-Minkin TDPDFမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ မကြာခဏမီးရှို့ အကြမ်းဖက်ခံ​နေရ​တဲ့ ပျားသုံးကျေးရွာဒေသခံတွေဟာ စစ်ကောင်စီနဲ့ ပျူစောထီးရန်ကို ကြောက်ရွံ့ကာ ရွာမှာ မနေရဲတော့ဘဲ တောတောင်များထဲမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

(​တောင်တွင်း-မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDPDF)
(​တောင်တွင်း-မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDPDF)