▪︎ခေါင်းဆောင်မှုဆိုင်ရာ ထိပ်သီးညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်၊ အကြီးအကဲတွေနဲ့အတူ NUG ယာယီသမ္မတ မိန့်ခန်းပြောမယ်
ကမ္ဘာ့ခေါင်းဆောင်အချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအကြီးအကဲများ တက်ရောက်မယ့် ခေါင်းဆောင်မှုဆိုင်ရာ ထိပ်သီးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပါဝင်မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။ ယာယီသမ္မတဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားမယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ အဲဒီညီလာခံ REUTERS Next Leadership Summit & Global Broadcast ကို ဒီဇင်ဘာလ ၁ ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၁၀ မိနစ်မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။။ ထိပ်သီးညီလာခံမှာ ကနေဒါဝန်ကြီးချုပ်၊ လစ်သူယေးနီးယားဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ IMF မန်နေးဂျင်းဒါရိုက်တာ၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ၊ Morgan Stanley ဥက္ကဋ္ဌ နှင့် CEO တို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များ ပါဝင်ဟောပြောသွားမယ်လို့ သိရပါတယ်။

▪︎ခင်ဦးမြို့နယ် လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ် ထောင်ခဲ့တဲ့ နင်းမိုင်းများတွေ့ရှိ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွှေဘို – ခင်ဦး – ရေဦးလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်နင်းမိုင်းများရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မနေ့က ခင်ဦးမြို့နယ် (ပကဖ)တိုက်နယ် – ၄၊ မော်ကွန်းညီနောင် ၊နဂါးညီနောင်၊ ဒေါင်းရာဇာ စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ မြေမြုပ်မိုင်း ရှာဖွေဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မိုင်းသုံးလုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ မှ ၂၇ ရက်အထိ စစ်ကောင်စီတပ်ဟာ သုံးရက်အတွင်းက ရွှေဘို- ခင်ဦး- ရေဦးလမ်းတစ်လျှောက်မှာ အင်အား ၁၆၀ ခန့်နဲ့ လမ်းကြောင်းတစ်လျောက် ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စစ်ကောင်စီတပ် ထောင်းထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကြောင့် မိုင်းသုံးလုံးကွဲပြီး နွားနှစ်ကောင်နဲ့ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement

▪︎စစ်ကိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်ဖမ်းဆီးမှုတွေကို တွေ့မြင်ခဲ့တဲ့ အဘွားအိုတစ်ဦး နှလုံးရပ်သေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြိုင်လယ်ကျေးရွာမှာ ဒေသခံတွေကို လိုက်လံရိုက်နှက်ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ လုပ်ရပ်တွေကို မြင်တွေ့ခဲ့ရသူ အသက်(၈၀)ကျော် အဘွားအိုတစ်ဦး ထိတ်လန့်ပြီး နှလုံးရပ်သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၊ မြိုင်လယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၉)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်နှစ်လုံးကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေကိုပါ အဓမ္မသိမ်းယူသွားတယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေအပေါ် ရိုက်နှက်နှိပ်စက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကျူးလွန်မှုတွေကို မြင်တွေခဲ့ရသူ အသက် ၈၇ နှစ်အရွယ် ဒေါ်ဝင်းစိန်ဟာ ထိပ်လန့်ကာ နှလုံးရပ် သေဆုံးသွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။
▪︎စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရှိ ပြည်သူလူထုများနေထိုင်ရာသို့ စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး KNU/KNLA တပ်ဖွဲ့များနဲ့ ပြည်သူလူထုများအကြား စိတ်ဝမ်းကွဲအောင်လုပ်ဆောင်နေတာကြောင့် သတိနဲ့ နေထိုင်ကြဖို့ KNUက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ KNU အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ရွှေကျင်မြို့နယ် သောင်လယ်ရွာ၊ ကျောက်ကြီးမြို့နယ် အင်းနက်ရွာ၊ ကျောက်ကြီးမြို့နယ် ဝါးပင်စုရွာ၊မုန်းမြို့နယ် စဝင်ကျေးရွာများသို့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါဘယ်။ ထိခိုက်သူတွေထဲ အသက် ၇ နှစ် နဲ့ ၈ နှစ်အရွယ် ကလေးငွေတွေ ပါဝင်တယ်လို့ သိရပါတယ်။

▪︎မတ္တရာနယ်ထဲ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်ကို ဖမ်းဆီးထိန်းသိမ်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဥ်တစ်စီးကို PDFအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မတ္တရာမြို့နယ်၊ စခန်းသာမှ မြောင်းသစ်အကူး ကျက်ပြင်ကျေးရွာမြောက်ဘက်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကာ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မတ္တရာ (ပကဖ)အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ဦးဆောင်ပြုလုပ်တာလို့ သိရပြီး ဖမ်းဆီးမိခဲ့တဲ့ ကားပေါ်ပါသူတွေနဲ့ပတ်သက်လို့ မသိရသေးပါဘူး။



▪︎အင်းတိန်ရွာကို စစ်ကောင်စီတပ် ဒီနေ့ထပ်မံ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ ညနေပိုင်းမှာ စတင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီနေ့ မနက်မှာလည်း ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ထီးချိုင့် ဆူးပုတ်ချောင်ရွာကို နိုဝင်ဘာ ၂၅ ရက်က စတင်မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မှာ အင်ကြင်းကုန်းရွာနဲ့ အလယ်တောရွာကို မီးရှို့ခဲ့ပါတယ်။ မနေ့ မနက်ပိုင်းမှာတော့ အင်းတိန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခဲ့ပါတယ်။ အဲဒီလို မီးရှို့မှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်အင်အား မမျှတဲ့အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူနဲ့ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပါတယ်။
▪︎ဆားလင်းကြီးမြို့ပေါ် ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့လယ်မှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ Myanmar Revolution Army(MRA)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက ဆားလင်းကြီးမြို့လယ်၊ သာသနဟိတအနီးတစ်ဝိုက် ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မဟာမိတ်တပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖို့ မိုင်းဆွဲရာ နေရာကို သွားရောက်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက ဒဏ်ရာရရှိခဲ့တဲ့ သူတို့ တပ်သားတွေကို ဆွဲခေါ် သွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


















































