(၁၄)နှစ်အရွယ်ကလေးငယ်မှာ စိုးရိမ်ရဟုဆို
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ အင်းတော်ရဲစခန်းမှ လက်နက် ကြီးဖြင့် ရမ်းပစ်၍ ကလေးငယ်အပါအဝင် မိသားစုဝင် လေးဦး ဒဏ်ရာရခဲ့ပြီး (၁၄)နှစ်အရွယ်ကလေးငယ်မှာ စိုးရိမ်ရသည်ဟု အင်းတော်ဒေသခံက ပြောသည်။
ဒီဇင်ဘာ ၃ရက် နေ့လယ် ၁နာရီခန့်တွင်အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပစ်တဲ့အခါ နတ်မဟုတ်ကြီးရွာထိပ်က လယ်ထဲမှာ ကောက်လှိုင်းစည်းနေတဲ့ သားအမိတွေ လေးယောက်ကို ထိတယ်။ အငယ်ဆုံးကောင်မလေးက (၄)နှစ်။ (၁၄)နှစ်အရွယ် ယောက်ျားလေးရယ်၊ ၁၆နှစ်အရွယ် ယောက်ျားလေးရယ် နောက်ပြီး အသက် ၄၀ကျော်အမျိုးသမီးရယ်။ အဲဒါက သားအမိတွေပဲ။ အဲဒီအင်းတော်ရဲစခန်းက တောင်ဘက်တွေဆီကို နည်းနည်းလေး မသာင်္ကတာတို့ သတင်းကြားတာတို့ဆိုရင် အမြဲတမ်း ပစ်နေကြပါပဲ။ သူတို့ ပစ်လို့ အဲဒီဘက်က ရွာတွေတချို့ ဘုန်းကြီးကျောင်းထိတာတို့ ရွာထိပ်ကျတာတို့ အမြဲဖြစ်တယ်”ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရသူများအနက် ကလေးငယ်မှာ ဦးခေါင်းပိုင်း၌ လက်နက်ကြီးစထိမှန်၍ စိုးရိမ်ရသည့် အခြေအနေဟုသိရကြောင်း ဒေသခံက ပြောသည်။
ထိုသို့ လက်နက်ကြီး ပစ်ခတ်၍ ခွေးတစ်ကောင်နှင့် နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း Indaw Revolution က အသိပေးထုတ်ပြန်ထားသည်။
