Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ လက်နက် ထုတ်လုပ်မှုတွေ အဆက်မပြတ်အောင် အမေရိကန်၊ ဥရောပနဲ့ အာရှက ကုမ္ပဏီတွေ ထောက်ပံ့ပေးနေ

အခု အစီရင်ခံစာဟာ ရင်းမြစ်ပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကားထားပြီး အဲဒီထဲမှာ မြန်မာစစ်တပ်နဲ့ ဆက်စပ်သူတွေကို တွေ့ဆုံ မေးမြန်းထားတာတွေ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပေါက်ကြားလာတဲ့ အသုံးစရိတ်တွေလည်း ပါဝင်နေပါတယ်။

စစ်ကောင်စီရဲ့ လက်နက် ထုတ်လုပ်မှုတွေ အဆက်မပြတ်အောင် အမေရိကန်၊ ဥရောပနဲ့ အာရှက ကုမ္ပဏီတွေ ထောက်ပံ့ပေးနေ
စစ်ကောင်စီရဲ့ လက်နက် ထုတ်လုပ်မှုတွေ အဆက်မပြတ်အောင် အမေရိကန်၊ ဥရောပနဲ့ အာရှက ကုမ္ပဏီတွေ ထောက်ပံ့ပေးနေ

အာဏာသိမ်း မြန်မာစစ်ကောင်စီက ပြည်သူတွေကို အနိုင်ကျင့် သတ်ဖြတ်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ ဝိုင်းကူညီနေတဲ့ထဲမှာ အမေရိကန်၊ ဥရောပနဲ့ အာရှ အခြေစိုက် ကုမ္ပဏီတွေ ပါဝင်နေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှု အရာရှိဟောင်း ၃ ဦးက အမေရိကန်၊ ဥရောပနဲ့ အာရှတိုက်က လုပ်ငန်းတချို့ဟာ မြန်မာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်ဖို့ စစ်လက်နက်တွေ ဖန်တီး ထုတ်လုပ်ရာမှာ အားပေး အားမြှောက် ကူညီနေတယ်လို့ မှတ်ချက်ပေးခဲ့ပြီး အဲဒီ ကုမ္ပဏီတွေရဲ့ သက်ဆိုင်ရာ နိုင်ငံ အစိုးရ အသီးသီးက အရေးယူ တုံ့ပြန်ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား စင်ကာပူနဲ့ အမေရိကန်တို့ အပါအဝင် နိုင်ငံပေါင်း ၁၃ ခုက ကုမ္ပဏီတွေ မြန်မာစစ်တပ်ရဲ့ လက်နက်တွေ ထုတ်လုပ်ရေးအတွက် အရေးတကြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ဝိုင်းဝန်း ပံ့ပိုးပေးနေတယ်လို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ထောက်ပံ့ပေးတယ်ဆိုတဲ့ နေရာမှာ လုပ်ငန်းလိုင်စင် ကိစ္စ၊ ကုန်ကြမ်းပစ္စည်း၊ software နည်းပညာ၊ အစိတ်အပိုင်းနဲ့ အပိုပစ္စည်း စတာတွေ ပေါင်းစုံ ပါဝင်တယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကုမ္ပဏီတွေဆီက ဝိုင်းဝန်း ထောက်ပံ့မှုတွေကြောင့်ပဲ အာဏာသိမ်း မြန်မာစစ်တပ်ဟာ လက်နက် အမျိုးမျိုးကို ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့ ရင်းရင်းမြစ်မြစ် လုံလုံလောက်လောက် ရထားတယ်လို့လည်း SAC-Mက ဆိုပါတယ်။ ကပစလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေဟာ အာဏာသိမ်း စစ်တပ်က တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက် ဖြိုခွင်းရာမှာ အသုံးပြုတဲ့ သေနတ်၊ ခဲယမ်းမီးကျောက်၊ မြေမြှုပ်မိုင်းတွေ အပါအဝင် လက်နက်တွေကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေက ကမ္ဘာပေါ်မှာ အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်သူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် နေ့စဉ်ရက်ဆက် အဓမ္မ ဖိနှိပ်မှုတွေ ကျူးလွန်နေနိုင်အောင် ဝန်းရံပေးနေတာ ဖြစ်တယ်လို့လည်း SAC-Mရဲ့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက ပြောပါတယ်။

နိင်ငံခြား ကုမ္ပဏီ အသီးသီးနဲ့ မိခင်နိုင်ငံတွေက သူတို့ရဲ့ ထုတ်ကုန်တွေဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးအားမြှောက်ရာ မရောက်ဖို့ ကျင့်ဝတ်နဲ့ ဥပဒေပိုင်း တာဝန်ခံမှုတွေ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ဒီအချက်တွေကို အမှန်တကယ် လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါလို့ သတ်မှတ်ရုံသာရှိကြောင်းလည်း ယန်ဟီးလီက ဆက်ပြောပါတယ်။

အခု အစီရင်ခံစာဟာ ရင်းမြစ်ပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကားထားပြီး အဲဒီထဲမှာ မြန်မာစစ်တပ်နဲ့ ဆက်စပ်သူတွေကို တွေ့ဆုံ မေးမြန်းထားတာတွေ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပေါက်ကြားလာတဲ့ အသုံးစရိတ်တွေလည်း ပါဝင်နေပါတယ်။

အစီရင်ခံစာအရ ဩစတြီးယား၊ ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အမေရိကန်တို့မှာ ထုတ်လုပ်တဲ့ အတိအကျ တိုင်းထွာနိုင်တဲ့ စက်ယန္တရားမျိုးတွေဆိုရင် မြန်မာစစ်တပ်ရဲ့ လက်နက်စက်ရုံတွေမှာ လောလောဆယ် သုံးစွဲနေတယ်လို့ သိရပါတယ်။ အဲဒီ အလိုအလျောက် လည်ပတ်နိုင်တဲ့ အမျိုးမျိုးသော စက်ယန္တရားတွေဟာ လက်နက်တွေ ထုတ်လုပ်မှုမှာ သေရေးရှင်ရေးတမျှ အရေးပါတယ်လို့လည်း ဆိုပါတယ်။ စက်ယန္တရားတွေ လည်ပတ်ရေးအတွက် Softwareပိုင်း ထောက်ပံ့တဲ့ နိုင်ငံတွေကတော့ ပြင်သစ်၊ အစ္စရေးနဲ့ ဂျာမနီတို့မှာ အခြေစိုက်ထားတာပါ။ စင်ကာပူကတော့ ကုန်ကြမ်းတွေ အပါအဝင် လက်နက် ထုတ်လုပ်ရေးအတွက် စစ်ကောင်စီ လိုအပ်တဲ့ ပစ္စည်းအများစုကို တင်သွင်းဖို့ ခရီးတစ်ထောက်နားရာ ဆုံချက်အဖြစ် ရှိနေပါတယ်။ ထိုင်ဝမ်ကတော့ စစ်ကောင်စီက လက်နက် ထုတ်လုပ်ရေးဆိုင်ရာ စက်ယန္တရားတွေ ဝယ်ယူတဲ့ နေရာမှာ အရေးပါတဲ့ လမ်းကြောင်းအဖြစ် အသုံးတော် ခံနေတယ်လို့ SAC-Mရဲ့ အစီရင်ခံစာမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။

နောက်ပြီး အစိုးရပိုင် China North Industries Groupလို ကော်ပိုရေးရှင်းကြီးတွေကလည်း လက်နက် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတွေ တင်ပို့ရာမှာ အဓိက ပံ့ပိုးနေပြီး အိန္ဒိယက ကုမ္ပဏီ တချို့ဟာလည်း စနိုက်ပါ ရိုင်ဖယ် သေနတ်တွေမှာ တပ်ဆင်တဲ့ ချိန်ကွင်းလို အစိတ်အပိုင်းတွေနဲ့ တခြား အပိုပစ္စည်းတွေကို တင်သွင်းပေးနေတယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရတွေက လိုအပ်သလို စစ်ဆေးပြီး ဥပဒေကြောင်းအရ တုံ့ပြန် အရေးယူသင့်တယ်လို့ SAC-Mမှာ ပါဝင်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ မစ်ရှင် အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ဖူးသူ ခရစ် ဆီဒေါ့တီက ဆိုပါတယ်။

မြန်မာ စစ်တပ်မှာ ကြီးမားကျယ်ပြန့်တဲ့ စစ်လက်နက် တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းကြီး ပိုင်ဆိုင်ထားပြီး လက်နက်ငယ်တွေ၊ အပေါ့စား စစ်လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ပြည်တွင်းမှာတင် ဖူဖူလုံလုံ ထုတ်လုပ်နိုင်လောက်တဲ့ အနေအထားမျိုး ရှိနေကြောင်း၊ အဲဒီ စစ်လက်နက်တွေနဲ့ပဲ မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်နေကြောင်း SAC-Mရဲ့ တခြား အဖွဲ့ဝင် တစ်ဦးဖြစ်သူ မာဇူကီ ဒါရူစ်မန်က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ စစ်လက်နက်တွေ ထုတ်လုပ်ရေးအတွက် ပြင်ပ ထောက်ပံ့မှုတွေကို အစဉ်တစိုက် မှီခိုနေရတယ်ဆိုတဲ့ အချက်ကပဲ ပြင်ပ ဖိအားတွေဒဏ်ကို ခံနိုင်ရည် မရှိလောက်ဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပြန်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ မစ်ရှင် အဖွဲ့ဝင် ဥက္ကဋ္ဌဟောင်း ဒါရူစ်မန်က မှတ်ချက်ပေးသွားပါတယ်။

သူက ဆက်လက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို ကာကွယ် စောင့်ရှောက်တဲ့ အနေနဲ့ မြန်မာစစ်ကောင်စီ ရရှိနေတဲ့ အဲဒီ အထောက်အပံ့ ကွင်းဆက်တွေကို တားမြစ် ဖြတ်တောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်ကြောင်းလည်း တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။