မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ၏ ကပစ(၁၂)နှင့် ကပစ(၁၀)တပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အဆိုပါစစ်ကြောင်းသည် မင်းလှမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပြောသည်။
အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီစစ်ကြောင်းက ကပစ (၁၂)ရော ကပစ(၁၀)ရောပါလာတာ။ သူတို့ဘက်က နှစ်ယောက်ကျပြီး ဒဏ်ရာရသူတွေများတယ်။ ထွက်ပြေးတာ။ ကျည်တွေပါကျကျန်ခဲ့တယ်”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။
တိုက်ပွဲမှာ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၉နာရီ မိနစ် ၄၀ခန့်တွင်စတင်ခဲ့ပြီး ထိုနေ့ ညနေအထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement
“ကပစ (၁၂)က တစ်ယောက်၊ ကပစ(၁၀)က တစ်ယောက် သေတယ်။ ဖရဲသီးဆီက သတင်းပြန်ရတာပါ။သူတို့က ၂၃ရက်နေ့မှာ မြို့ထဲဘက်ကို ပြန်ဆုတ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ဌာနေဆီမပြန်သေးဘဲ အသင့်အနေအထားရှ်ိနေပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့ (ဖေဖော်ဝါရီ ၂၆ရက်) ပြောသည်။
အဆိုပါတိုက်ပွဲကို အထက်မင်းလှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (UMPDF)နှင့်အတူမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (SMPDF)၊ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF)နှင့်Key of Revolutionတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁၂)သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် (၃)မိုင်ကျော်တွင်တည်ရှိသည်။ကပစ(၁၀)သည် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင်တည် ရှိသည်။


















































