We are The World ကာဗာသီချင်းဖြင့် မြန်မာ့နွေဦး တော်လှန်ရေးကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရအောင် လုပ်နိုင်ခဲ့သည် Chinlung Chuak Artist အဖွဲ့ ကို ကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူးဝါလရှီးလ ကဂုဏ်ပြုလိုက်သည်။
“သက်တမ်း ၂နှစ်ရှိလာတဲ့ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲစဉ်ဆက်မပြတ်စီးမြောပါဝင်နေအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာသတိထားမိပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ်။ရဖို့ခက်ခဲသလောက်လိုအပ်တဲ့ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ Chinlung Chuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်”ဟုယာယီသမ္မတဒူးဝါလရှီးလကချီးကျူးသည်။
ထိုကြောင့်သီချင်းကိုစီစဉ်အကောင်အထည်ဖော်ပါဝင်ကြိုးပမ်းခဲ့ကြသူတိုင်းကိုမြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူများကိုယ်စားအထူးပင်ကျေးဇူးတင်ရှိ ကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်းဖော်ပြထား သည်။
သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေသော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူကြောင်း ဒူးဝါလရှီလက ပြောကြားသည်။

Chinlung Chuak Artist အဖွဲ့၏ We are The World ကာဗာသီချင်းဗီဒိယိုကို တစ်လကျော်ကာလအတွင်း You Tube ၌ ကြည့်ရှူသူ ၁.၇ သန်းကျော်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီး Youtuber များကလည်း ယင်းဗီဒီယိုဖိုင်အပေါ် Reaction Video များစွာပြုလုပ်ပြီး ပြန်လည်ဖြန့်ချီခဲ့ကြသောကြောင့် ပျံ့နှံ့ပြီးနိုင်ငံတကာ၏ စိတ်ဝင်စားမှုပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
“ဒီမိုကရေစီကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူစိတ်ဝင် စား မှုရှိရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံရေး မူဝါဒချမှတ်နိုင်သူတွေဆီကိုပါ သက်ရောက် ရိုက်ခတ်မှုရှိတာ ထုံးစံပါပဲ။ ဒါကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့ အမျှ ကျွန်တော်တို့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြား ပေါ်လွင်လာမယ်လို့ ယုံကြည်ပါတယ်။” ဟု ယာယီသမ္မတကပြောသည်။
ထို့ကဲသို့သီချင်းဖန်တီးမှုမျိုးသည် တော်လှန်ရေးအတွက် အရေးပါသည့် အရာဖြစ်သောကြောင့် မြန်မာလူငယ်များအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရန် အားပေးလိုကြောင်း လည်းNUG ယာယီသမ္မတကတိုက်တွန်းသည်။
We are The World သီချင်းကို မီဇိုရမ်ရောက် ချင်းတိုင်းရင်းသား အဆိုရှင်များ နှင့် မီဇိုရမ်မှ နာမည်ကြီး အနုပညာရှင် စုစုပေါင်း ၂၅ ဦးကပါဝင်သီဆိုထားခြင်းဖြစ်ပြီး Coda Band ကနေတီးခတ်ပေးထားသည်။
ချင်းတိုင်းရင်းသား အဆိုတော်များတွင် သီချင်းဆို ပြိုင်ပွဲများမှ ပရိသတ်အားပေးမှု ရရှိလာသည့် ဘင်ဂျမင်ဆုမ်း ၊ ဒေးဗစ်လိုင် တို့ပါဝင်သီဆိုထားသည်ကိုတွေ့ရသည်။
ယင်းသီချင်းကို သီဆိုရာတွင် Chinlung Chauk Artist အဖွဲ့က စစ်ကောင်စီ၏လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေမှုများ ၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် မှုများပြုလုပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အကြောင်းအရာများကို ပုံဖော်သီဆိုထားပြီး မြန်မာပြည်သူများ၏ ဒီမိုကရစီနှင့်လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြသည်ကို ကမ္ဘာကကူညီပေးကြရန် တောင်းဆိုထားသည်။
