စစ်ကောင်စီနှင့် ပူးပေါင်းခြင်း အထူးရှောင်ရှားရန် သတိပေး
ချင်းအမျိုးသားများ ဆုံးရှုံးနစ်နာခဲ့ရသော အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေးလှုပ်ရှားမှု အရှိန်ကိုတိုးမြှင့်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ချင်းတော်လှန်ရေးနေ့ ကြေညာချက်၌ အသိပေးခဲ့ပြီး ပြည်သူများ အနေဖြင့်လည်း ယခု ဆင်နွှဲနေသည့် တော်လှန်ရေးတွင် ကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲ တိုက်ပွဲဝင်ကြရန် တိုက်တွန်းခဲ့သည်။
မတ်လ ၂၀ရက်တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ကို CNFက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခွင့်အရေး တောင်းဆိုခြင်းများကို အထူးရှောင်ရှားရန် လည်း တိုက်တွန်းထားသည်။
CNF/CAN သည် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာ၌ နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ အဖွဲ့အစည်း၊ လူမျိုးပုဂ္ဂိုလ်များနှင့်မဆို လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
အာဏာသိမ်း စစ်အုပ်စု၏အကြမ်းဖက်မှုကြောင့် ပြည်သူများ ဆုံးရှုံးခဲ့သော လူမှုဘ၀ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံရေးဦးတည်ချက် ယုံကြည်ချက်နှင့် ခံယူချက်တူညီသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များ ပါဝင်စေလျက် ချင်းပြည်အတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို တဆင့်ခြင်း အကောင်အထည်ဖော် သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
အကြမ်းဖက် စစ်အာဏာရှင်အုပ်စုမှ အာဏာသိမ်းမှုကြောင့် လူမှုဒုက္ခပေါင်းစုံ နှင့် ရင်ဆိုင်နေရသည့် ချင်းပြည်သူနှင့် တစ်နိုင်ငံလုံး ပြည်သူများအား စာနာနားလည်ကြောင်း လည်း ချင်းအမျိုးသားတပ်ဦး၏ ကြေညာချက်၌ ဖော်ပြခဲ့ပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးလှူခဲ့သည့် အာဇာနည် ရဲဘော် ရဲမေများ၊ ချင်းအမျိုးသားပြည်သူများကို ဦးညွှတ်ဂါရ၀ပြုကြောင်း ကြေညာခဲ့သည်။


















































