Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဘောလခဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၇)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိတယ်လို့ ဘောလခဲ PDFက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက စောလုံကျေးရွာကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်မှုအပြင် ကျေးရွာဆေးပေးခန်း အဆောက်အဦး နှစ်လုံးနဲ့ လူနေအိမ်ခြောက်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဘောလခဲခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုဖြစ်စဉ် သုံးကြိမ်အထိရှိလာပြီဖြစ်ရာ ပြည်သူများအနေနဲ့ လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်သင့်ပြီလို့ ဘောလခဲ PDFက အသိပေးပါတယ်။

(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️မြဝတီ ကျောက်မိုင်းကို စစ်ကောင်စီ လေယာဥ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

စစ်ရေးတင်းမာမှုများရှိနေတဲ့ ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့နယ် ကျောက်မိုင်းဒေသကို စစ်ကောင်စီတပ်က ဒီနေ့မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေသတင်းရင်းမြစ်များက ပြောပါတယ်။ မြ၀တီမြို့နယ် တောင်ဘက်ခြမ်းရှိ ကျောက်မိုင်းဒေသဘက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်နဲ့ သုံးကြိမ်ဗုံးကြဲခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရသေးပါဘူး။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ရှိ နေအိမ်အချို့တုန်ခါသွားတယ်လို့ နယ်စပ်ဒေသနေထိုင်သူတစ်ဦးက ပြောပါတယ်။

မြဝတီ ကျောက်မိုင်းတွင် လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်
မြဝတီ ကျောက်မိုင်းတွင် လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်

▪️မုန်တိုင်းကြောင့် လူဦးရေ ငါးသန်းကျော် ဘေးဒဏ်သင့်

ဆိုင်ကလုန်း မုန်တိုင်းဖြတ်သန်းသွားတဲ့လမ်းကြောင်းက လူဦးရေ ငါးသန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ပြောဆိုလိုက်ပါတယ်။ မုန်တိုင်းဖြတ်သန်းသွားတဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ဒေသတွေက သဘာဝဘေးဒဏ် ထိခိုက်ခံစားရသူဦးရေကို UNOCHA က ခန့်မှန်းတွက်ချက်ထားတာပါ။ အဲဒီလူဦးရေငါးသန်းကျော်ထဲမှာ ၃.၂ သန်းဟာ လူသားချင်းစာနာထောက်ထားမှုအရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့လည်းဆိုပါတယ်။ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာလည်း လူဦးရေ တစ်သိန်းကျော်လောက် ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ခံခဲ့ရတယ်လို့ UNOCHA က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − UNOCHA
ဓာတ်ပုံ − UNOCHA

▪️မုန်တိုင်းအပြီး ကန့်ဘလူနယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ မုန်တိုင်းတိုက်အပြီး စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေလို့ ကျေးရွာအများအပြားမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်း ရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ်ကို ​စစ်ကောင်စီရဲ့ ခမရ (၃၆၁) ၊ ခမရ (၃၆၈)နဲ့ နယ်​မြေခံပျူ​စောထီး အင်အား ၃၀၀ ​ကျော်က စစ်​ကြောင်း လေးကြောင်းခုနဲ့ စစ်​ကြောင်းထိုး​ ဝင်​ရောက်နေတယ်လို့ သိရပါတယ်။ စစ်ကြောင်းထိုးမှုကြောင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ (၁၉) ရွာမှ ဒေသခံပြည်သူ​ပေါင်း သုံး​သောင်း​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရ​တယ်လို့ Infinity Group က အသိပေးပါတယ်။

(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကန့်ဘလူနယ်က ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

▪️ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်းစီတပ်တို့ မေလ ၁၃ ရက်ကစလို့ သုံးရက်ဆက်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဖားကန့်မြို့နယ် ပျားအုံကျေးရွာနဲ့ ခွန်စံဇွပ်ကျေးရွာအ‌နီးမှာ သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် လေးဦးသေဆုံးတယ်လို့ ဖားကန့်မြို့နယ် ထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပေမယ့် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

(KIA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် မိုးမိတ်ခရိုင် KPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)
(KIA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် မိုးမိတ်ခရိုင် KPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – KPDF)

▪️စစ်ကောင်စီက PDF အယောင်ဆောင်ပြီး ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာခံ ၂၀ ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အယောင်ဆောင်ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့တယ်လို့ သေဆုံးသူများရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ညောင်ပင်သာရွာမှာ သတ်ဖြတ်ခံရသူများရဲ့ မိသားစုဝင်အချို့ စကားသံ ရုပ်သံမှတ်တမ်းကို KNUက ဒီနေ့ ဖော်ပြပါတယ်။ အကူအညီလိုအပ်နေတဲ့ ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အယောင်ဆောင်ကာ သွေးဆောင်ဖြားယောင်း ဖမ်းဆီးပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော
ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော

▪️ဖာပွန်ခရိုင်မှာ လဝက်အတွင်း တိုက်ပွဲ ၆၀ ကျော်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်) ခရိုင် တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ အခုလဝက်အတွင်း တိုက်ပွဲ ၆၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅)က မနေ့ညပိုင်းက အသိပေးထုတ်ပြန်ပါတယ်။ မေလ ၁ ရက်မှ ၁၅ ရက်အထိ တပ်မဟာ(၅)ထိန်းချုပ်ရာဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးသူများအနက် တပ်ခွဲမှူးတစ်ဦး၊ ဒု-ခွဲမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ တပ်မဟာ(၅)ဘက်မှ စစ်သည် နှစ်ဦးကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - တပ်မဟာ(၅))
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – တပ်မဟာ(၅))

▪️(၁၇)ကြိမ်မြောက်ကွန်ဂရက်မှ နုတ်ထွက်ခြင်း အကြောင်းရင်းကို တပ်မဟာ(၅)ထုတ်ပြော

မကြာမီက ကျင်းပပြီးစီးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ (၁၇)ကြိမ်မြောက် ကွန်ဂရက်မှ KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ကိုယ်စားလှယ်များ နုတ်ထွက်လိုက်ခြင်းမှာ KNUရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လမ်းစဉ်များအောက်က ခွဲထွက်သွားခြင်းမဟုတ်ဘူးလို့ တပ်မဟာ(၅)က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ (၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို တပ်မဟာ(၅) ကိုယ်စားလှယ်များတက်ရောက်ခဲ့ပေမ​ယ့် ဒုတိယစီးပွားရေးလုပ်ငန်းတွေမှာ KNU ခေါင်းဆောင်အချို့ ပါဝင်ပတ်သက်နေတဲ့ အရေးကိစ္စကို ခေါင်းဆောင်သစ်ရွေးကောက်ပွဲမတိုင်ခင် ကိုယ်တွယ်ဖြေရှင်းခြင်း၊ အရေးယူခြင်းမရှိတဲ့အချက်အပါအဝင် အချို့သော ကိစ္စရပ်များကြောင့် တပ်မဟာ(၅) ကိုယ်စားလှယ်များဟာ (၁၇)ကြိမ်မြောက် ကွန်ဂရက်မှာ ပါဝင်ရွေးကောက်ခံခြင်းမပြုခဲ့တာပါ။ အဲဒီလို နုတ်ထွက်လိုက်ခြင်းရဲ့ အဓိကလိုလားချက်မှာ KNU အဖွဲ့အစည်းရဲ့ အနာဂတ်ဦးဆောင်မှု ပိုမိုကောင်းမွန်ခိုင်ခံ့ဖို့၊ လူထုတစ်ရပ်လုံးရဲ့ ယုံကြည်ထောက်ခံမှုကိုရရှိဖို့နဲ့ ကရင်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာဖို့သာ ဖြစ်တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ခဲ့ပါတယ်။

((၁၇)ကြိမ်မြောက် KNU ကွန်ဂရက်မှရွေးချယ်ခဲ့သည့် ခေါင်းဆောင်သစ်များအား တွေ့ရစဥ်)
((၁၇)ကြိမ်မြောက် KNU ကွန်ဂရက်မှရွေးချယ်ခဲ့သည့် ခေါင်းဆောင်သစ်များအား တွေ့ရစဥ်)

ဆက်စပ်သတင်းများ