Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မန္တလေးပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီလိုင်စင်ပိတ်သိမ်း

မန္တလေးမြို့မှ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ ၃ ရုံကို ယာယီပိတ်ခိုင်းထားရာကနေ လုပ်ငန်းလိုင်စင်ပါ အာဏာသိမ်းစစ်ကောင်စီက ပိတ်သိမ်းလိုက်ပါတယ်။ လိုင်စင်ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာ မြို့တော်ဆေးရုံ ၊နန်းတော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံ တို့ဖြစ်ပါတယ်။ အဲဒီဆေးရုံတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီက ယာယီပိတ်ခိုင်းထားတာပါ။ ဒီနှစ်ဖေဖော်ဝါရီလထဲမှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာတော့ ဆေးရုံ ၃ ရုံ ကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်ကစတင်ပြီး လိုင်စင်ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

▪️ဒီးမော့ဆိုအရှေ့ခြမ်း လေးရက်မြောက်တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးရက်မြောက်ရှိလာပြီး စစ်ကောင်စီက ဂျက်ဖိုက်တာများနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ မေလ ၁၅ ရက်ကစတင်ခဲ့တဲ့ ဒီးမော့ဆိုအရှေ့ခြမ်းရှိတိုက်ပွဲမှာ ဒီနေ့အထိ ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ငါးလုံး ပျက်စီးခဲ့ရပြီး လူထိခိုက်မှု ရှိ၊မရှိ မသိရသေးပါဘူး။

(ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၌ တိုက်ပွဲဝင်နေသော ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၌ တိုက်ပွဲဝင်နေသော ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်တွေ ဝယ်ယူခဲ့

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ဆက်လက် တင်သွင်းနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နောက်ထပ် ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေ တပြုံတမကြီး ကျူးလွန်နေကြောင်း အထောက်အထားတွေ အများအပြား ရှိနေတဲ့တိုင်အောင် ပြည်ပနိုင်ငံတချို့ဟာ စစ်လက်နက်တွေ ကူညီရောင်းချပေးတာကို မရပ်ခဲ့ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာစစ်တပ်ဟာ ရုရှား၊ တရုတ်တို့အပြင် စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေဆီကနေ စစ်လက်နက် အများစုကို လက်ခံရရှိခဲ့တယ်လို့ အင်ဒရူးစ်က ပြောပါတယ်။

▪️ကနီနဲ့ ယင်းမာပင်အစပ် ၇ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၆၀ ဦးကျော်သေ

စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်စပ်မှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့​တဲ့ရက်များအပါအဝင် ၇ ရက်ဆက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်‌ပေါင်းစုနဲ့ KLG PDF မှ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများသို့ စစ်‌ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မေလ ၁၁ မှ ၁၇ ရက်ညနေအထိ ခုခံတိုက်ခိုက်ခဲ့တာပါ။

(KLG PDF မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KLG)
(KLG PDF မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KLG)

▪️မြိုင်နယ် သရက်ခွပျူရွာရှိ စစ်ကောင်စီတပ်ကင်းစခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ခွ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် ကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောပါတယ်။ မနေ့ ညနေပိုင်းက သရက်ခွရွာပျူစောထီးစခန်းဂိတ်မှာ ကင်း​စောင့်နေတဲ့ ၁၀ ဦးခန့်ရှိတဲ့ စစ်ကောင်စီ တပ်စိတ်တစ်စိတ်ကို လက်နက်ကြီး၊လက်နက်ငယ်များနဲ့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မျက်မြင်အရ စစ်သား သုံးဦး သေဆုံးပြီး အရပ်သတင်းအရ ရှစ်ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ စစ်အုပ်စုက (၆၀)မမ လက်နက်ကြီးများနဲ့ အချက် ၃၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

▪️မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၄၅၀ ကျော်ရှိ၊ ရခိုင်မှ ၄၀၀ ကျော်နဲ့ အများဆုံးဟု NUG ထုတ်ပြန်

ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မှ လူဦးရေ ၄၃၀ ကျော်အပါအဝင် နိုင်ငံတဝန်း၌ သေဆုံးသူ ၄၅၅ ဦး ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ​ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သေဆုံးမှု အခြေအနေ အသေးစိတ် စာရင်းများ အတည်ပြုဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။ ရခိုင်ဒေသအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က အလှူငွေများ ပေးအပ်ခဲ့ရာ ရက္ခိုင့်တပ်တော်(ULA/AA)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်​ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ ပေးအပ်လှူဒါန်းခဲ့တာပါ။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့တစ်နေရာအား ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Rakhine Radio FM)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့တစ်နေရာအား ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – Rakhine Radio FM)

▪️မုန်တိုင်းကြောင့် ချင်းပြည် (၈)မြို့နယ်မှာ နေအိမ်အဆောက်အဦး ၁,၈၀၀ ကျော် ပျက်စီးဟု ICNCC အသိပေး

ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုမှာ မေလ ၁၇ ရက်အထိ လူနေအိမ်နဲ့ အဆောက်အဦး စုစုပေါင်း ၁,၈၀၀ ကျော်ရှိတယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်ပါတယ်။ မုန်တိုင်းကြောင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)ခုအနက် တွန်းဇံမြို့မှအပ ကျန်မြို့နယ် (၈)မြို့နယ်မှာ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး မတူပီမြို့နယ်မှာ နေအိမ်အဆောက်အဦး ၉၀၀ ခန့်နဲ့အများဆုံး ပျက်စီးခဲ့ပါတယ်။ ဒီအရေအတွက်မှာ မေလ ၁၇ ရက်အထိ ရရှိထားတဲ့ စာရင်းများဖြစ်ပြီး အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ICNCC က ဆိုပါတယ်။

ပြီးခဲ့သည့် မေ ၁၄ ရက်တွင် ဝင်ရောက်တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆတ္တားရွာမှ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဟားခါး စစ်ရှောင်ကော်မတီ
ပြီးခဲ့သည့် မေ ၁၄ ရက်တွင် ဝင်ရောက်တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆတ္တားရွာမှ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ဟားခါး စစ်ရှောင်ကော်မတီ