စစ်ကောင်စီ၏ ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက်ရှိ လျှပ်စစ်မန်နေဂျာရုံးအား မြို့ပြပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ညပိုင်းက ဗုံးဖြင့်နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို Freeland Attack Force (FLA) နှင့် Anonymous Fighters Force (AFF) တို့မှ ဦးဆောင်ပြီး ပူးပေါင်း မဟာမိတ်အဖွဲ့ဖြစ်သည့် Emerald Girls Army (EGA) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ည ၁၂နာရီ ၁၂မိနစ်တွင် တစ်ကြိမ်၊ ၁၂နာရီ ၃၇မိနစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။
“မနေ့ညက တာမွေမှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ သိပ်မကြာဘူး နာရီဝက်နီးပါးလောက်ကျတော့ နောက်တစ်ကြိမ် ထပ်ကြားရတယ်။ ဗညာဒလမ်းနဲ့ ဖိုးစိန်လမ်း ထောင့်နားက လျှပ်စစ်ရုံးမှာ ပေါက်တာလို့တော့သိရတယ်။ ညဘက်ကြီး ဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ ရဲကား၊ စစ်ကားတွေ ဖိုးစိန်လမ်းဘက်ကို သွားနေတာတော့ တွေ့လိုက်ရတယ် “ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးမှု အခြေအနေကို အတိအကျ မသိရသေးသော်လည်း မစ်ရှင်လုပ်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အဖွဲ့သားများအားလုံး အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

Public Service Announcement
ထို့အပြင် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့များ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်တပ်စွဲထားသည့်နေရာများနှင့် ၎င်းတို့အနီးပတ်ဝန်းကျင်သို့ သွားလာခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားပေးကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။
