ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက်သည့် အမှတ်(၂၆၆)ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဟားခါးမြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ချင်းဘာသာဖြင့် ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ခလရ(၂၆၆)တပ်မှ တပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ MA-1 သေနတ်တစ်လက်၊ကျည်အိမ် ၄ခု၊ကျည်ဆံ ၁၂၆ တောင့်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟု The Chin Journal က မြန်မာဘာသာဖြင့် ဖော်ပြသည်။
ထိုသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း ဟားခါး CDFက အသိပေးသည်။
လက်နက်နှင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက လက်နက်အပ်နှံနေသည့်ဓာတ်ပုံမှတ်တမ်းကို ဖော်ပြခဲ့ပြီး အဆိုပါ စစ်ကောင်စီတပ်သားကို လုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ ရဲဘော်များသည် ယခင်ကလည်း လက်နက်များ ယူဆောင်လာပြီး CDM ပြုလုပ်ခြင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်ခြင်းများ မကြာခဏရှိခဲ့သည်။


















































