ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေရှိ ခလယ်တံခွန်တိုင်ရွာ ကျေးရွာအုပ်စုမှ စစ်ရှောင်ပြည်သူများအား KNU တပ်မဟာ(၆) Free Burma Rangerမှ သွားရောက်အကူအညီပေးခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
KNU တပ်မဟာ(၆)Free Burma Ranger နယ်လှည့်၍ စစ်ဘေးရှောင်ပြည်သူများအား သွားရောက် ကူညီပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ကူညီရာတွင် ဆေးဝါးကုသရန်လိုအပ်သော ပြည်သူများအား ဆေးဝါးကုသမှုပြုလုပ်ပေးခြင်း၊ အာဟာရဖြစ်စေသော အစားအသောက် များ ချက်ကျွေးပေးခြင်း၊ ကလေးငယ်များအတွက် “ကောင်းမွန်သော ဘဝ အသက်တာ” Good Life Club (GLC) အစီစဉ် ပြုလုပ်ပေးခြင်းနှင့် အားပေးစကားပြောကြားခြင်းများ ပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။
Free Burma Ranger မှ ဒေသအသီးသီးရှိ စစ်ဘေးရှောင် နှင့် ဒုက္ခရောက်ပြည်သူများအား ဆေးဘက် ဆိုင်ရာအကူအညီများ၊ ယာယီနေရာထိုင်ခင်းအတွက် အမိုးအကာများ၊ အစားအသောက်များ၊ အဝတ်အထည်များ၊ ကလေးအတွက် ပညာရေးဆိုင်ရာပစ္စည်းများနှင့်အခြားလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လှည့်လည်ဆောင်ရွက်ပေးလျှက်ရှိသည်ဟုဆိုသည်။

Public Service Announcement

ထို့ပြင် အဖိနှိပ်ခံပြည်သူများ၏ ဘဝနှင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများကို ကမ္ဘာမှ သိရှိရန် အချက်အလက်များအား မှတ်တမ်းတင် အစီရင်ခံတင်ပြခြင်း နှင့် မီးမောင်းထိုး ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ပေးလျှက်ရှိကြောင်း ထုတ်ပြန်သည်။
KNU ဒူးပလာယာခရိုင်အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတိုက်ပွဲ နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းခိုလှုံနေကြရသည်။
မိုးတွင်းရာသီကြောင့် ၎င်းစစ်ဘေးရှောင် ပြည်သူ များမှာ နေရာထိုင်ခင်းအတွက် မိုးလုံ၊ တာလပတ်၊ စောင်၊ ခြင်ထောင် စသည်များစွာ လိုအပ်နေပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများစွာ လိုအပ်နေကြောင်း အသိပေးထားသည်။


















































