စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာ၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ရုံးခန်း စီးနင်းခံရသည့်ဖြစ်စဉ်တွင် သတ်ြဖတ်ခံရသည့် မြို့နယ်ဗကသဥက္ကဌအပါအဝင် သုံးဦး၏ ဓာတ်ပုံနှင့်အမည်များအား ဗကသဗဟိုက ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၂၈ ရက်) ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အသက်(၁၈)နှစ်အရွယ် ဥက္ကဌ ကိုကျော်ဝင်းသန့်၊ အသက်(၁၉)နှစ်အရွယ်များဖြစ်သော ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်းနှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေတို့ ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးသည်။

ကနဦးထုတ်ပြန်မှုတွင် ဆက်သွယ်ရေးအခက်အခဲများကြောင့် အချက်အလက်အတည်ပြုနိုင်မှု အားနည်းကာ ကျဆုံးသူ သတင်းပြန်ကြားရေးမှူးကို အတွင်းရေးမှူးဟု မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ဗကသအဖွဲ့ချုပ်က ပြောသည်။

Public Service Announcement
ယနေ့ နံနက် ၄ နာရီခန့်က အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သည် ညောင်ကန်ရွာကို ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်သူများလည်း သတ်ဖြတ်ခံရပြီး ညောင်ကန်တစ်ရွာလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဗကသရဲဘော်ကတော့ သုံးဦးပါ။ ပြည်သူတွေထဲက အသတ်ခံရသူ အဖမ်းခံရသူတွေ ရှိတယ်။ အတည်ပြုနေဆဲပါပဲ။ စစ်ကြောင်းထိုးတာမျိုးထက် ပြောက်ကျားဝင်ရောက်စီးနင်းတာမျိုးဆိုတော့ ရန်သူဝင်လာတာကို ပြည်သူတွေရော ရဲဘော်တွေရော မသိလိုက်တာပါ။”ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။ အသတ်ခံရသည့် ပြည်သူများအား စာရင်းအတည်ပြုနေဆဲဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စိတပ်က စိုင်ပြင်လေးကျေးရွာကို ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနှင့် ဆိုင်ကယ်များကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။
“ဖက်ဆစ်တပ်က သူတို့လုပ်နေကျ ဖက်ဆစ်လုပ်ရပ်မျိုးတွေကို လုပ်သွားတဲ့အပေါ် ကျနော်တို့အနေနဲ့ များများစားစား ပြောစရာမရှိပါဘူး။ တော်လှန်ရေးသမားကို သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်မှာမဟုတ်ဘူး”ဟု ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်က ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။
