Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာနေတယ်လို့ ACLED ဖော်ပြ

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

(၂၀၂၆ ​မေလကုန် နဲ့ ဇွန်လဆန်းမှာ စစ်တပ်က မြစ်​ခြေမြို့ကပြည်သူ ၄၀ ​ကျော်ကိုသတ်ဖြတ်ပြီး​နေအိမ်​တွေကိုမီးရှို့ဖျက်ဆီးခဲ့တာ​ကြောင့် ​နေအိမ်တအိမ်မီး​လောင်ပြီး​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇူလိုင်-၂၇၊၂၀၂၆။People’s Spring

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကအတုအယောင်ရွေးကောက်ပွဲ တစ်ခုကို အသုံးပြုပြီး သမ္မတရာထူး ရယူခဲ့တဲ့နောက်ပိုင်းစစ်တပ်ရဲ့သတ်ဖြတ်မှုတွေက ပိုပြီး ဆိုးရွားလာနေတယ်လို့ ပဋိပက္ခ ဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်တဲ့ Armed Conflict Location & Event Data Project (ACLED) အဖွဲ့က သတိပေးခဲ့ပါတယ်။

တစ်ဖက်မှာတော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ ဒေသတွင်း အစိုးရတွေက မြန်မာစစ်တပ်အပေါ် သံတမန်ရေးအရ ကြောင်းကျိုးဆီလျော်စွာ ထိတွေ့ဆက်ဆံနိုင်အောင် အားထုတ်မှုတွေ မြင့်တက်လာနေပါတယ်။ဒါပေမဲ့လည်းစစ်တပ်ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေရာ ဆက်ခံသူ ရဲဝင်းဦး လက်ထက်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လက်မရွံ့ သတ်ဖြတ်မှုတွေ ပိုဆိုးလာနေတယ်လို့ ACLEDက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မတ်လတုန်းကစစ်တပ်ရဲ့အုပ်ချုပ်ရေး အပိုင်းမှာအပြောင်းအလဲဖြစ်ခဲ့တဲ့နောက်ပိုင်း အရပ်သား ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေ ပိုဆိုးလာသလို လေကြောင်းကနေ ဗုံးကြဲတဲ့ တိုက်ခိုက်မှုတွေလည်းပိုမိုအရှိန်မြင့်လာကြောင်းACLEDကထောက်ပြထားပါတယ်။

သိသိသာသာ ပြောင်းလဲလာတဲ့စစ်ရေး ဗျူဟာတွေထဲမှာတော့ ပစ်မှတ် တစ်ခုတည်းကို လေယာဉ် နှစ်စီးကနေ ငါးစီးထိ စုဖွဲ့ပြီး တိုက်ခိုက်တာမျိုးတွေကို တွေ့လာရတယ်လို့လည်း ACLEDက ဆိုပါတယ်။

အမေရိကန် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေ စောင့်ကြည့်ရေး အဖွဲ့အစည်းရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ဖက်ကတော့ ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ ACLEDဟာမြန်မာ့စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပြည်တွင်း မီဒီယာတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အစီရင်ခံတွေ၊ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေဆီက သတင်းအချက်အလက်တွေ ရယူပြီး လေ့လာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

၂၀၂၆ ပထမ နှစ်ဝက်အတွင်း မြန်မာနိုင်ငံမှာ အစုလိုက်သတ်ဖြတ်မှုဖြစ်စဉ်တစ်ဒါဇင်ထက်မနည်း ဖြစ်ပွားခဲ့ပြီးအရပ်သား၄၅၀ ကျော် သေဆုံးခဲ့ကြောင်း၊အဲဒီထဲက ၄၀ ရာခိုင်နှုန်းလောက်ဟာ အညာလို့ခေါ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းခြောက်သွေ့ ဒေသတွေမှာ ကြုံတွေ့ခဲ့ကြောင်းလည်း ACLEDက ထုတ်ပြန်ခဲ့ပါတယ်။

ထင်ရှားတဲ့ ဖြစ်စဉ် တစ်ခုအနေနဲ့ မြင်းခြံမြို့နယ်ထဲမှာ မေလတုန်းက မြန်မာစစ်တပ်က စစ်ကြောင်းထိုးရင်း လူ ၄၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ACLEDက ဒေသခံ သတင်းရင်းမြစ် သုံးဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

စစ်တပ်က ကြမ်းကြုတ်ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို အရှိန်မြှင့်နေချိန်မှာ တစ်ဖက်မှာတော့ သမ္မတသစ်အဖြစ် ကိုယ့်ကိုယ်ကိုယ် တင်မြှောက်ထားတဲ့ မင်းအောင်လှိုင်ဟာ တရုတ်နဲ့ အိန္ဒိယတို့လို အိမ်နီးချင်း အင်အားကြီး နိုင်ငံတွေဆီသွားရောက်ရင်းသူဦးဆောင်တဲ့အစိုးရသစ်ကိုတရားဝင်မှုရရှိအောင် ကြိုးစားနေပါတယ်။တစ်ဖက်မှာလည်း အာဆီယံဟာအာဏာသိမ်းမြန်မာစစ်တပ်နဲ့ အဆက်အသွယ် ဖြတ်တောက်ထားရာကနေ အလွတ်သဘော ဆွေးနွေးမှုတွေ ပြန်စပြီး သံတမန်ရေး ထိတွေ့မှုတွေကို ပြန်လည် မြှင့်တင်ဖို့ ခြေလှမ်းပြင်လာခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။