Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မန္တလေးတိုင်းနှင့် ရှမ်းမြောက်ရှိ တိုက်ပွဲများဖြစ်ခဲ့ရာ ၄ရက်အတွင်း စစ်ကောင်စီဘက်က ၆၀ဦးကျော်သေဟု NUG အသိပေး

အောက်တိုဘာ ၂၇ရက် နှင့် ၂၉ရက်များက ထီးချိုင့်နှင့် ကောလင်း မြို့နယ်များ၌ တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ကောင်စီတပ် မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ(LDF)၊ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ တစ်နိုင်ငံလုံးတွင် ဟန်ချက်ညီစစ်ဆင်ရေးများဖော်ဆောင်လျက်ရှိရာ အောက်တိုဘာ ၂၇ရက်မှ ၃၀ရက်အတွင်း စစ်ဆင်ရေးအတွင်း ရန်သူ စစ်ကောင်စီတပ်မှ ၆၀ကျော်သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

အောက်တိုဘာ ၂၇ရက်မှ ၃၀ရက်အတွင်း တစ်နိုင်ငံလုံးအနှံ့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က အရာရှိအပါအဝင် ၆၃ဦးသေဆုံးပြီး ၃၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ၂ဦး ကျဆုံးကာ ၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

အောက်တိုဘာ ၂၇ရက် နှင့် ၂၉ရက်များက ထီးချိုင့်နှင့် ကောလင်း မြို့နယ်များ၌ တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ကောင်စီတပ် မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၃၀ရက်တွင် ခင်ဦးမြို့ အရှေ့ဘက် ၂မိုင်အကွာရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ တပ်စွဲရာနေရာကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၊ ရဲနှင့် ပျူစောထီး ၆ဦးသေဆုံးပြီး ကျန်စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ လက်နက်များ ပစ်ချကာ ခင်ဦးရဲစခန်းဘက် ထွက်ပြေးသွားသည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း လက်နက်ကြီး ၃လက်၊ လက်နက်ငယ် ၁၃လက် သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၃၀ရက် ရွှေဘိုမြို့နယ်ရှိ မြင်းစီးရွာ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက်ရာ ရန်သူ ၁၀ဦး သေဆုံးကာ တော်လှန်ရေးရဲဘော် ၂ဦးကျဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

မကွေးတိုင်းတွင်လည်း အောက်တိုဘာ ၂၈ရက်က ရေစကြိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီတပ်စွဲရာ စုပေါင်းရုံးကို စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူတပ်ဖွဲ့ဝင် ၃ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းနေ့၌ပင် ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ တက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြောက်ခင်ရန်း ရွာကင်းစခန်းကိုတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။နောက်နေ့ အောက်တိုဘာ ၂၉ရက်တွင် မြောက်ခင်ရန်းရွာ ပျူစောထီးကင်းတဲ့အား တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၉ရက်ညပိုင်းမှ အောက်တိုဘာ ၃၀ရက်နေ့အထိ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။ အောက်တိုဘာ ၃၀ရက်တွင်လည်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာနယ်မြေရဲစခန်းမှ တက်လာသည့် စစ်ကောင်စီ ပူးပေါင်းတပ်ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၃၀ရက်တွင် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်း ကြက်မွှေးနှုတ်ဒေသ၌ ထောင်ထားသည့်အဝေးထိန်းမိုင်းကို စစ်ကောင်စီဘက်က လာဖြုတ်ရာ စစ်ကောင်စီဘက်က ဆင်ပေါင်ဝဲမြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင် ၄ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

အောက်တိုဘာ ၂၇ရက် မြင်းခြံမြို့နယ် တောင်ရှေ့တိုးဂိတ်ရှိစစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟုဆိုသည်။ တောင်သာဘက်မှ စစ်ကူလာသည့် စစ်ကောင်စီကားများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုများခဲ့ကြောင်း အသိပေးသည်။

အောက်တိုဘာ ၂၇ရက်တွင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းတွင် စစ်ကောင်စီတပ်များကို တအာင်းတပ်မတော်(TNLA)နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ရက်တွင်လည်း အထက်ညောင်ကုန်း၌ပင် စစ်ကောင်စီတပ်ကို TNLAနှင့် မိုးကုတ်ဗျူဟာ PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

မတ္တရာမြို့နယ် ဆည်တော်ရွာဘက်သို့ မန္တလေးဘက်မှလာသည့် စစ်ကောင်စီယာဉ်ကို ဆည်တော်လမ်းမပေါ်၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟုအသိပေးသည်။

အောက်တိုဘာ ၂၉ရက်တွင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအနီး စစ်ကောင်စီတပ်နှင့် ဂုတ်တွင်းတံတားရှိ စစ်ကောင်စီတပ်ကို TNLAနှင့် မန္တလေး PDF တို့ တိုက်ခိုက်ခဲ့ ရာ တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၆ဦး သေဆုံးခဲ့ကြောင်း၊ လက်နက် ၇လက်နှင့်ခဲယမ်းများ စစ်အသုံးအဆောင်များ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ပဲခူးတိုင်းတွင်လည်း အောက်တိုဘာ ၂၈ရက်က ဒိုက်ဦးမြို့နယ် သံလမ်းဂိတ်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ရန်သူတစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ မင်းလှမြို့နယ် တွင်လည်း စစ်ကောင်စီ၏ စစ်သားစုဆောင်းရေးရုံးတာဝန်ခံနှင့် ပျူစောထီး စုဆောင်းစည်းရုံးသူ ဗိုလ်ကြီးမျိုးဆန်းဝင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း အသိပေးသည်။

တနင်္သာရီ တိုင်းလောင်းလုံမြို့နယ်တွင် အောက်တိုဘာ ၂၇ရက်က လက်ခက်တောင်တာဝါတိုင် စခန်းအား တိုက်ခိုက်ခဲ့ရာ ရန်သူထိခိုက်မှုရှိသည်ဟုဆိုသည်။