တအာင်းတပ်မတော်(TNLA)အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ့်ခမ်းနှင့်လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်နေကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။
သီပေါမြို့နယ် ကျင်တီတံတားတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့(နိုဝင်ဘာ ၂၂ရက်) နံနက် ၆နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။ တိုက်ပွဲထိခိုက်ကျဆုံး အခြေအနေ အသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးပေ။
နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းတွင်တွင်လည်း ယနေ့နံနက် ၈နာရီ ၄၀မိနစ်မှစ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ထုတ်ပြန်သည်။ အဆိုပါ စခန်းသစ်ကုန်းကို TNLAက ပြီးခဲ့သည့် ရက်အတန်ကြာကတည်းက တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေး ခုခံနေရသည်။
လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကိုလည်း ယမန်နေ့ မနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ညပိုင်းအထိ တိုက်လေယာဉ်ဖြင့် ၈ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
ယနေ့(နိုဝင်ဘာ ၂၂ရက်)တွင်လည်း စစ်ကောင်စီတပ်မှ မိုင်းကျက်တပ်စခန်းဘက်တွင် လေကြောင်းမှ ဗုံး ၄၅လုံး ထက်မနည်း ကြဲချခဲ့ကြောင်း ထုတ်ပြန်သည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၄၆ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ အထိနာသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သား ၅၀ကျော် သေဆုံးထိခိုက်ခဲ့ရပြီး ၁၀၀ကျော် ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။


















































