▪︎မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့တွင်တိုက်ပွဲကြိုကြားဖြစ်
▪︎စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဓါတုဓါတ်ငွေ့ဗုံးကြဲခြင်း၊မြို့များကိုပျက်စီးအောင်တိုက်ခိုက်ခြင်းပိုလုပ်လာဟု AAနှင့်ဒေသခံအချို့ပြော
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိစစ်ကောင်စီတပ်ရင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)ကသိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့(ဇန်နဝါရီ ၂၈ )ညတွင်သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၉၄ ရက်မြောက်နေ့ ဇန်နဝါရီ ၂၈ရက်နေ့တွင်လည်းရက္ခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ကြိုကြားကြိုကြားတိုက်ပွဲများ ရှိနေခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဇန်နဝါရီ ၂၈ ရက်တွင်စစ်ကောင်စီတပ်၏ မင်းပြားမြို့ရှိ ခြေမြန်တပ်ရင်း-ခမရ(၃၈၀) တပ်ရင်းကိုသိမ်းနိုင်ခဲ့ဟု အသိပေးသည်။
“ ရန်သူသည် နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသည့်အတွက် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရပြန် သည်” ဟု ဖော်ပြသည်။

Public Service Announcement
မင်းပြားမြို့တွင် စစ်တပ်၏စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၉) လက်အောက်ခံ ခမရ (၃၈၀)နှင့်တစ်ဆက်တစ်စပ်တည်း ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တို့ကျန်ရှိနေသေးသည်။

ရက္ခိုင်ဒေသ၌ ဆက်တိုက်စစ်ရှုံးနေသည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာနှင့် ပြည်သူလူထုကိုသာ အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခင်ကထက်ပိုမိုမိုပြုလုပ်နေကြောင်းလည်း ရက္ခိုင်တပ်တော်ကအသိပေးသည်။
မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာသို့ မင်းပြားမြို့ထက်၊ ဥက္ကာပျံရပ်ကွက်မှ စစ်ဘေးလာရှောင်သည့် အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးလည်း စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ ညဖက်မျက်လုံးပွင့်ထွက်ကာ ခြေထောက်တစ်ဖက်ပြတ်ထွက်ခဲ့ဟု AA ကအသိပေးသည်။
ထို့အပြင် ရှေးဟောင်းအမွေအနှစ် အထွတ်အမြတ်ထားရာ မြောက်ဦးမြို့ ကိုလည်း စစ်ကောင်စီက အငြိုးအတေးဖြင့် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကို ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ကြောင့် ပြည်သူလူထု ထပ်မံသေဆုံးခဲ့မှုများ ရှိသည်ဟု သိရသည်။
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၇) နှင့် (၅၄၀) တပ်ရင်း” အပါအဝင် “အမှတ် (၃၁) ရဲ တပ်ရင်း” တို့မှ မြောက်ဦးမြို့အား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံ ပြည်သူ (၄) ဦး သေဆုံးခဲ့ရပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် မြို့ပေါ် ရပ်ကွက်မှ နေအိမ် (၂၀) ကျော်မှာလည်း မီးလောင်ပျက်စီးခဲ့ရကြောင်းAA က ထုတ်ပြန်သည်။
ရမ်းဗြဲမြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိသော်လည်း မြို့ကိုပြိုပျက်စေရန် စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီသည် လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများထိပါ ပြုလုပ်လာလျက်ရှိသည့်အပြင် ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

အထူးသဖြင့် ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ် ယခုတစ်ပါတ်အတွင်း လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများကြဲချခြင်း၊ ဇန်နဝါရီ ၂၆ ၊၂၇ တွင် အဆိပ်ငွေ့ဗုံးများကြဲချခဲ့သည်ဟုဒေသခံများကပြောသည်။စစ်တပ်က လေကြောင်း နှင့် လက်နက်ကြီးများ အကြိမ်ရေများစွာ အသုံးပြုတိုက်ခိုက်ခြင်း ကြောင့် တစ်မြို့လုံး အပျက်အစီးများခဲ့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဒေသခံအချို့ကပြောသည်။
ဘူးသီးတောင်မြို့နယ် ၊ ကြာညိုပြင်တံတားစခန်းအနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြားဇန်နဝါရီ ၂၇ရက်ကတိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၂၈ ယမန်အထိ တိုက်ပွဲဆက်ရှိနေကြောင်း၊ စစ်ကောင်စီဘက်က အထိအခိုက်၊အကျအဆုံးအချို့ရှိခဲ့ကြောင်း ဖော်ပြသည်။
ထိုအပြင် စစ်တွေအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၂၃၂) နှင့် (၃၄၄) တပ်ရင်း” များမှ ယနေ့၊ နေ့လယ် (၂) နာရီ ဝန်းကျင်တွင် အရပ်သားပြည်သူများနေထိုင်ရာမြို့၊ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်အချို့သည် မင်းပြားမြို့နယ်၊ ငါးစင်ရိုင်းချောင်းအုပ်စု၊ ခွဆုံကျေးရွာနားရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသား (၃) ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
အလားတူ စစ်ကောင်စီ ၏ Y 12 လေယာဉ်သည် ပေါက်တော မြို့နှင့် အနီးတစ်ဝိုက်အား ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် ယခုနောက်ပိုင်းတိုက်ပွဲများတွင် သယ်ယူပို့ဆောင်ရေးစစ်တပ်လေယာဥ် ဖြစ်သော Y-12 လေယာဥ်ကို ပြင်ဆင်၍ ဗုံးကြဲလေယာဥ်အဖြစ် ပိုမိုအသုံးပြုလာကြောင်း နိုင်ငံတစ်ဝန်းစစ်ရေးသတင်းပေးပို့ချက်များအရသိရသည်။
