Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မှုထမ်းရန်ဆောင်ရွက်‌ပေးသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ တစ်ပတ်အတွင်း အနည်းဆုံး ၁၇ဦး အသတ်ခံရ

သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

(မန္တလေးမြို့တွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခံရသော လူငယ်တစ်ဦး​၏ ကတ်ပြား၊ အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးများထံမှ သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့တွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခံရသော လူငယ်တစ်ဦး​၏ ကတ်ပြား၊ အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးများထံမှ သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - CJ)

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီပေးနေသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အရေးယူမည်ဟု တော်လှန်ရေးအင်အားစုများက ကြေညာထားခဲ့ပြီးနောက် တစ်ပတ်အတွင်း အသတ်ခံရသည့် စစ်ကောင်စီတပ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ အနည်းဆုံး ၁၇ဦးခန့်ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာပြီးနောက် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ လူဦးရေစာရင်းကောက်ယူခြင်း ၊ စစ်မှုထမ်းရန်အတွက် လူငယ် များအား မဲနှိုက်ရွေးချယ်သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

လူထုနွေဦးမှ ကောက်ယူထားသော စာရင်းများအရ မတ်လ ၁၇ မှ ၂၂ရက်အတွင်း စစ်ကိုင်း ၊ ပဲခူး ၊ မကွေးနှင့် မန္တလေးစသည့် တိုင်းဒေသကြီးများမှ အသတ်ခံရသည့် ဖြစ်စဉ်များဖြစ်သည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၇ ရက် နေ့လယ်တွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စစ်မှုထမ်းဥပဒေအတွက် လူငယ်များကို ခေါ်ယူရေး အစည်းအဝေးပြုလုပ်နေစဉ် ရွှေဘိုခရိုင် တပ်ရင်း (၁၄)ရေဦး PDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ ပျူစောထီးများနှင့် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

“၁၇ ရက်နေ့ နေ့လည် ၁၂:၄၅ က ထွေအုပ်ရုံးကိုDrop Bomb လေးလုံးကျွေးတဲ့အဖြစ်က ၅ကောင် အပါအဝင် ၁၃ကောင် အနိစ္စသဘောနဲ့ ကိစ္စချောသွားကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ” ဟု ‌ယင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသည့်စာရင်း၌ အုပ်ချုပ်ရေးမှူးများပါဝင်သော်လည်း သေဆုံးသည့် အရေအတွက်ကို လူထုနွေဦးအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိပေ။

မတ်လ ၁၈ရက်တွင် ပဲခူးတိုင်း နတ္တလင်းမြို့နှင့် မကွေးတိုင်း စလင်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦးရှင်းလင်းခံခဲ့ရသည်။

နတ္တလင်းမြို့နယ် ပျဉ်ပုံကျေးရွာအုပ်ချုပ်ရေးမှူးကို မတ်လ ၁၈ ရက် ည ၉နာရီခွဲအချိန်ခန့်တွင် သွားရောက်ရှင်းလင်းခဲ့ရာ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်အင်အား ၃၀ခန့် က ခုခံတိုက်ခိုင်ခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးမှာ လွတ်မြောက်သွားသည်ဟု ယင်းစစ်ဆင်ရေးကိုပြုလုပ်သည့် နတ္တလင်းအခြေစိုက် နတ်စစ်သည် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပျဉ်ပုံကျေးရွာသည် ပျူစောထီးအားကောင်းသည့်‌ကျေးရွာဖြစ်ပြီး စစ်ကောင်စီအတွက် စစ်မှုထမ်းရန် မဲမနှိုက်ပဲတစ်ရွာလုံးဝင်မည်ဟု အဆိုပြုထားသည့်ကျေးရွာဖြစ်ကြောင်း နတ် စစ်သည်အဖွဲ့က ဆိုသည်။

ယင်းစစ်ဆင်ရေးတွင် အုပ်ချုပ်ရေးမှူးကို မရှင်းလင်းနိုင်ခဲ့သော်လည်း ယခင်အုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

စလင်းမြို့နယ် ပခက်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း ပြည်သူများ၏တိုင်ကြားချက်အရ စောင့်ကြည့်ရာမှ မတ်လ ၁၈ ရက် ည ၁၀ နာရီခွဲ ခန့်တွင် အသံချဲ့စက်ဖွင့်၍ စစ်မှူထမ်းရန်နိုးဆော်နေသည့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စလင်းမှ တာဝန်ရှိသူက ပြောသည်။

“ည ၁၀ နာရီခွဲမှာ စလင်းမြို့နယ်၊သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာ ကပစ (၂၁)အနီးမှာ ရှင်းလင်းခဲ့တာပါ။ သေနတ်နဲ့ သုံးချက်ပစ်ရှင်းလင်းခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယင်းနယ်မြေသည် တော်လှန်ရေးအင်အားစုများ စိုးမိုးမှုအားကောင်းသည့်‌နယ်မြေဖြစ် သောကြောင့် အုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းကို စစ်ကောင်စီဘက်မှ လာရောက်ကောက်ယူခြင်းမရှိကြောင်း နှင့် ယင်းကိစ္စနှင့်ပတ်သက်၍ အခင်းဖြစ်သည့်နေရာအနီးရှိ ကံပြားရဲစခန်းမှ မတ်လ ၁၉ နံနက်တွင် သေနတ်ပစ်ဖောက်သည့် ဖြစ်စဉ်သာရှိကြောင်း ၎င်းက ဆိုသည်။

မတ်လ ၁၉ ရက်တွင် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် သီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှအပြန်တွင် သေနတ်ငါးချက်ပစ်၍ ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းအုပ်ချုပ်ရေးမှူးသည် စစ်မှုထမ်းရန် လူစုပေးနေသူဖြစ်ပြီး ရှင်းလင်းခံရသည့်‌နေ့တွင်လည်း ၎င်းတို့ကျေးရွာမှ လူငယ်သုံးဦး၏ အမည်စာရင်းကို ဝမ်းတွင်းထွေအုပ်ရုံးသို့ စာရင်းပေးပြန်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေအတိုင်းဆက်အလုပ်လုပ်ပေးနေသူမှန်သမျှ ဒီလမ်းအတိုင်းသွားရမယ်လို့ပဲပြောချင်ပါတယ်။”ဟု WTRF၏ တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့တွင်လည်း မတ်လ ၂၀ရက်က ရေနံချောင်းမြို့နယ်ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်းလာပေးသည့် အုတ်ရှစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ထွေအုပ်စာရေးတို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း မီဒီယာများ၌ ဖြေကြားထားသည်။

ယင်းအုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေးသည် လူငယ်များကို စစ်မှုထမ်းရန် အဓမ္မလူစုနေသလို ငွေညှစ်သည့်ကိစ္စများကိုလည်းလုပ်ဆောင် ကြောင်းနှင့် ၎င်းတို့ထံမှ ဆင့်ခေါ်စာများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပဲခူးတိုင်း သဲကုန်းမြို့နယ်တွင် ‌မတ်လ ၂၁ ရက် နေ့လယ်က စစ်မှုထမ်းရန် ဖိအားပေးနေသော သာပေါင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံက ပြောသည်။

“ဒီကောင်တွေက အနီးအနားကရွာတွေကပါ စစ်မှူထမ်းဖို့ကိစ္စအတွက် လူစုနေကြတာ”ဟု ၎င်းကပြောသည်။

ပစ်ခတ်ရှင်းလင်းရာတွင် အုပ်ချုပ်ရေးမှူးသည် အခင်းဖြစ်သည့်နေရာ၌ သေဆုံးသွားပြီး ထွေအုပ်စာရေးသည် ဝမ်းဗိုက်ရှပ်ထိဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေ အသက်ဝင် အောင် ကူညီကြသူများကို ပြင်းထန်သည့်အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု ရန်ကုန် ၊ မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းကိစ္စကို ကူညီသူများအား ကူညီသူတစ်ဦးတည်းသာမကပဲ ၎င်း၏မိသားစုဝင်များကိုပါ အရေးယူမှုပြုလုပ်မည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားသူ ၊ စစ်တပ်သတင်းပေးများ၏ ဓာတ်ပုံများနှင့် အတူ ကြေညာချက်ထုတ်ပြန်ထားသည်။

အချို့ရပ်ကွက်များတွင် မဲနှိုက်ရွေးချယ်သည့်နေရာများသို့ တစ်ရပ်ကွက်လုံးသွားရောက်ခြင်းမရှိဘဲ ဆန့်ကျင်သူများရှိသလို အချို့ရပ်ကွက်များတွင်လည်း မဲမသမာမှုပြုလုပ်သည့်ကိစ္စများနှင့် အုပ်ချုပ်ရေးမှူးများအား ရိုက်နှက်သည့်ဖြစ်စဉ်များလည်းရှိသည်။

‘စစ်မှုထမ်းရန်ဆောင်ရွက်နေစဉ် အသတ်ခံရမှုဖြစ်စဉ်များ’

▪️မတ်လ ၁၇ – စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထွေအုပ်ရုံး၌ စစ်မှုထမ်းရန် အစည်းအဝေးပြုလုပ်စဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်(စစ်ကောင်စီတပ်သား၊ အုပ်ချုပ်ရေးမှူးများအပါအဝင် သေဆုံးသူ ၁၃ ဦးခန့်ရှိ)

▪️မတ်လ ၁၈ – ပဲခူးတိုင်း နတ္တလင်းမြို့နယ် ပျဉ်ပုံရွာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ပျူစောထီး ခေါင်းဆောင် အသတ်ခံရ

▪️မတ်လ ၁၈ – မကွေးတိုင်း စလင်းမြို့နယ် ပခက်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး အသံချဲ့စက် ဖြင့်စစ်မှုထမ်းရန် နိုးဆော်စဉ် အသတ်ခံရ

▪️မတ်လ ၁၉ – မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် သီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး (စစ်မှူထမ်းရန် စာရင်းတင်ပြပြီးအပြန်လမ်း၌ အသတ်ခံရ)

▪️မတ်လ ၂၀ – မကွေးတိုင်း ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ထွေအုပ်စာရေး(စစ်မှုထမ်းစာရင်းတင်ပြပြီးအပြန် လမ်း၌ အသတ်ခံရ)

▪️မတ်လ ၂၁ – ပဲခူးတိုင်း သဲကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်ချုပ်ရေးမှူး(စစ်မှုထမ်းကိစ္စဆောင်ရွက်နေစဉ် အသတ်ခံရ)

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

ဆောင်းပါး

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...