Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်တွင် KIAရှိသည်ဟု အကြောင်းပြလေကြောင်းတိုက်လာနိုင်၍ ဆက်ဆံရေးရုံးကို အဖွဲ့အောက်ခြေပိုင်းက ဖယ်ရှားခိုင်းခြင်းဖြစ်ဟု TNLAပြော

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)

▪️နိုင်ငံရေးနည်းအရ ဖြေရှင်းသွားမည်ဟု အသိပေး

ဟန်နွေ/People’s Spring

ကွတ်ခိုင်မြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရုံးကို ဖယ်ရှားခိုင်းခြင်းမှာ စစ်ကောင်စီက KIA ရှိသည်ဟု အကြောင်းပြပြီး လေကြောင်း တိုက်ခိုက်မှုလုပ်လာနိုင်သည့်အပေါ် လူထု လုံခြုံရေး စိုးရိမ်၍ အဖွဲ့အောက်ခြေပိုင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)သတင်းနှင့် ပြန်ကြားရေးဌာန ဌာနမှူး လွေးယေဦးက ပြောသည်။

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

” အခုတလောက KIAနဲ့ စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေတယ်။ တိုက်ပွဲပြင်းထန်နေချိန်မှာ သူတို့က ယူနီဖောင်းနဲ့ စစ်ဝတ်စုံနဲ့ ကွတ်ခိုင်ဘက်မှာ လာပြီးတော့မှ အခြေချတယ် သွားလာလှုပ်ရှားတဲ့အတွက် လူထုရဲ့လုံခြုံရေးကို ကျမတို့က စိုးရိမ်တယ်။ စကစဘက်က လေကြောင်း နဲ့ လာပြီး တိုက်ခိုက်မှာလည်း စိုးရိမ်တယ်။ အဓိကတော့ လူထုရဲ့ လုံခြုံမှုကို စိုးရိမ်တဲ့အတွက် အောက်ခြေက သွားပြီးတော့မှ ဒီလိုမျိုး ဖယ်ရှားခိုင်းခြင်းဖြစ်တယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး TNLAက သိမ်းပိုက်ထားသည်မှာ ၂လကျော်ကြာပြီဖြစ်ကြောင်း၊ လက်ရှိတွင် အုပ်ချုပ်ရေး ယန္တရားများကိုလည်း စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း လွေးယေဦးက ပြောသည်။

ထို့ပြင် TNLAအပါအဝင် ညီနောင်သုံးဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၁ရက်က တရုတ်၏ ကြားဝင်မှုဖြင့် အပစ်ရပ်စဲရေးလုပ်ဆောင်ထားရာ၌ သဘောတူညီချက်ရထားသည့် အချက်များတွင် အရပ်သား ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်းမပြုရန် ဆိုသည့် အချက် ပါဝင်သည်ဟု ၎င်းက ရှင်းပြသည်။

ထိုအခြေအနေတွင် KIA့ စစ်ဝတ်စုံဖြင့် ဝင်ရောက်လှုပ်ရှားလာ၍ ပြည်သူများ၏ လုံခြုံရေးကို စိုးရိမ်ရသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သဘောတူထားတာ ရှိတယ်။ စကစနဲ့လေ။ သူတို့ဘက်ကလည်း လေကြောင်းနဲ့ မပစ်တော့ဘူး။ အရပ်သားကို ဦးတည်ပြီးတော့ တိုက်ခိုက်တာမျိုးတွေလည်း မလုပ်တော့ဘူး ကျမတို့အဲဒီလို သဘောတူထားတယ်။ အခုက KIAသည် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေတဲ့အဖွဲ့ ဖြစ်တယ်။အဲဒါကြောင့် စကစက KIA ရှိလို့ ဆိုပြီးတော့မှ လူထုတွေကို ဦးတည်ပြီး တိုက်ခိုက်လာနိုင်တာမျိုးတွေလည်းရှိပါတယ်”ဟု လွေးယေဦးက ပြောသည်။

တစ်ဖက်တွင်လည်း KIAနှင့် ဖြစ်သည့် ကိစ္စရပ်များကို ဆွေးနွေးညိနှိုင်းဖြေရှင်းရန် မူဝါဒရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မူဝါက ကျမတို့ ချမှတ်ထားတာရှိပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ကျမတို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းမှာ ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

ထို့ပြင် KIAအနေဖြင့်လည်း ကွတ်ခိုင်တွင် ရုံးဖွင့်လှစ်မည့်အကြောင်း တရားဝင်စာဖြင့် ပေးပို့လာခြင်းမရှိကြောင်း၊ အကယ်၍ စာပေးပို့လာပါက PSLF/TNLA ဗဟိုက စဉ်းစားပေးမည်ဖြစ်ကြောင်းလည်း လွေးယေဦးက ပြောသည်။

TNLAနှင့် KIA ကွတ်ခိုင်နယ်မြေခံအရာရှိတို့သည် ဧပြီ ၁၅ရက်က တွေ့ဆုံပြီး ဆက်ဆံရေးရုံးဖယ်ရှားခိုင်းသည့် ကိစ္စကို ဆွေးနွေးခဲ့ရာ ပြေလည်မှု ရခဲ့ကြောင်း၊ အောက်ခြေတပ်ဖွဲ့အချို့၏မှားယွင်း ပြောကြားချက်ဖြစ်ကြောင်း TNLA ဘက်က ပြောလာကြောင်း၊ နောင်တွင် ပြဿနာများကို အချင်းချင်း လေးစားမှုရှိရှိဖြင့် ဆွေးနွေးဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA အနေဖြင့်လည်း ယခင်ကတည်းက ကွတ်ခိုင်မြို့နယ်အပါအဝင် ရှမ်းမြောက်ဒေသ၌ စစ်ရေးလှုပ်ရှားမှုရှိပြီး TNLA အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး မစခင် ၂၀၂၃ အောက်တိုဘာ ၁၈ရက်နောက်ပိုင်းကတည်းက ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ KIA အနေဖြင့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အခြေစိုက် ခလရ ၁၂၃တပ်ရင်းကိုလည်း သိမ်းပိုက်ထားပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ် ၁စီးကို ပစ်ချထားသည်။

ထို့ပြင် KIA အနေဖြင့် ရှမ်းမြောက်ဒေသသို့ စစ်အင်အားများ ထပ်မံဖြည့်တင်းထားသည်ကိုလည်း စစ်ရေးသတင်းရင်းမြစ်အချို့၏ ဖော်ပြချက်များ၌ တွေ့ရသည်။

KIAသည် ရှမ်းမြောက် မိုးမိတ်မြို့ကိုလည်း တိုက်ခိုက်ခဲ့ရာ မြို့သိမ်းရမည့်အခြေအနေတွင် TNLA ဘက်က ကန့်ကွက်မှုရှိ၍ KIA ပူးပေါင်းတပ်များ က ၎င်းတို့၏ မိုးမိတ်မြို့သိမ်းထိုးစစ်ကို ရပ်တန့်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာများကို စစ်ရေးနည်းအရ ဖြေရှင်းရန် ဆန္ဒမရှိဘဲ နိုင်ငံရေးအရ ဖြေရှင်းသွားလိုကြောင်း ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းတွင် အသိပေး ပြောကြားထားသည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ – TheKachinSubStateMedia/DG)

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။