Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စိတ်ကူးယဉ်ရန်မဝံ့ရဲခဲ့သည့် အောင်မြင်မှုများရရှိနေသည့်အပြင် စစ်တပ်အင်အား အချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအောင်မြင်စွာ အဆုံးသတ်ရန် အရေးကြီးဟု NUG ဝန်ကြီးချုပ်ပြော

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

(NUG အစိုးရဖွဲ့စည်းမှု ၃ နှစ်ပြည့် မိန့်ခွန်း​ပြောကြား​နေသည့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း)
(NUG အစိုးရဖွဲ့စည်းမှု ၃ နှစ်ပြည့် မိန့်ခွန်း​ပြောကြား​နေသည့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း)

သက်ဝေ/People’s Spring

တော်လှန်ရေးအင်အားစုများအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလက စိတ်ကူးယဉ်ရန်ပင် မဝံ့ရဲခဲ့သည့် အောင်မြင်မှုများကို လက်ရှိတွင် ရရှိနေပြီး သမိုင်းတလျောက် စစ်တပ် အင်အားအချိနဲ့ဆုံးအချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင်ဖြုတ်ချပြီး ၎င်းတို့ ကျူးလွန်မှုများအား တရားဥပဒေနှင့်အညီ တရားစီရင်ကာ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အဓိက တာဝန်ကြီးတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဘုံရည်မှန်းချက် ထပ်တူညီသည့် တိုင်းရင်းသား မဟာမိတ် အားလုံးနှင့်နီးကပ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်နေ ကြောင်း ၎င်းက အသိပေးသည်။ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ဘုံရည်မှန်းချက် ပန်းတိုင်တူညီတဲ့ နိုင်ငံရေးအင်အားစုများအားလုံး စုစုစည်းစည်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နဲ့အညီ တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော်ရာမှာ အင်အားစုများအားလုံး ပူးပေါင်းပါဝင်ပြီး တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်စေဖို့ ဒီကနေ့ အမြန်ဆုံးလုပ်ဆောင်ကြရမယ့် အင်မတန်အရေးကြီးတဲ့ ကိစ္စပဲ ဖြစ်နေပြီဖြစ်ပါတယ်” ဟုဝန်ကြီးချုပ် က ပြောသည်။

လက်ရှိ အချိန်သည် မြန်မာတစ်နိုင်ငံလုံး နေရာ ဒေသအစုံက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး တညီတညွတ်တည်း ရုန်းထ တော်လှန်နေကြသည့် အချိန်တစ်ခုဖြစ်၍ စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်လိုအာဏာရှင်စနစ်မျိုးမှ မြန်မာ့ မြေပေါ်မှာ ထပ်မံ ခေါင်းထောင်ထမလာရေး အဆုံးတိုင် ကြိုးပမ်းရမည့် အခွင့်အခါကောင်းဖြစ်သည်ဟုလည်း ပြောပြသည်။

အခွင့်ကောင်းကို ညီညွတ်စွာ ဆုပ်ကိုင်နိုင်ခဲ့ကြ၍ တော်လှန်ရေးသည် လွတ်မြောက်ဒေသများနှင့်အတူ အနာဂတ်အတွက် အခြေအနေကောင်းများကို ဖန်တီးနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး လက်တွဲညီညီ ခရီးဆက်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ခိုင်မာအားကောင်းသည့် စစ်ကောင်စီတပ်ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ပြောဆိုချက်များ ရှိသော်လည်း လက်ရှိတွင် NUGဦးဆောင်သည့် PDFတပ်ဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် နိုင်ငံ၏ နေရာအနှံ့ အပြား အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီး မြို့ပြများစွာကို ဝိုင်းပတ် စိုးမိုးထိန်းချုပ်ထားကြောင်း အသိပေးသည်။

“တော်လှန်ရေးအင်အားစုများရဲ့ ထိုးစစ်အောင်မြင်မှုတွေကတဆင့် မြန်မာ့စစ်တပ်ဟာ သမိုင်းမှာ ပထမဆုံးအကြိမ် အင်အားအချိနဲ့ဆုံး အခြေအနေရောက်ရှိနေကြောင်း ပြသနေပါတယ်။စစ်တပ်ရဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေ ဆုံးရှုံးနစ်နာမှုတွေကို ကိန်းကဏန်းတွေနဲ့ အတိအကျ ရဖို့ ခက်ခဲပေမယ့် စစ်ဆင်ရေး ၁၀၂၇ ကစပြီး စစ်တပ်ဘက်က စစ်မြေပြင်မှာ အမြင့်ဆုံး တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်အဆင့်ထိ သေဆုံးမှုတွေရှိခဲ့ကာ အကြမ်းဖက် စစ်တပ်အတွက်များစွာ အထိနာ ဆုံးရှုံးမှုကို ပြဿနေပါတယ်။” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

လတ်တတလောတွင် နေပြည်တော်ကိုပါ ခြိမ်းခြောက်နိုင်သည့် စစ်ဆင်ရေးကို ဆင်နွှဲနိုင်ခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမြို့များကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေး အောင်ပွဲ တစတစ နီးလာခြင်းကို ပြသနေခြင်းဖြစ်သည်ဟု ပြောသည်။

“ယခု လက်ရှိ တော်လှန်ရေးအင်အားစုများရဲ့ အောင်မြင်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာဆိုရင် စိတ်ကူးယဉ်ကြည့်ဖို့ပင် မဝံ့ရဲခဲ့တဲ့ နိုင်ငံရေး စစ်ရေး မဟာမိတ်ရေး၊ သံတမန်ရေး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ဒီအောင်မြင်မှုတွေဟာ အသက်သွေးချွေးနဲ့ ဘ၀ပေါင်းများစွာ ပေးဆပ်ပြီး မြဲမြံတဲ့ ခံယူချက်၊ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ နီစွေးတဲ့ ရဲစွမ်းသတ္တိတွေကြောင့် ရရှိလာခဲ့တာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

စစ်အုပ်စု၏ နောက်ဆုံးနေ့များ နီးလာလေလေ တိုင်းပြည်နှင့် ပြည်သူလူထုကို အထိနာစေအောင် ပိုမိုရက်စက်စွာ လုပ်ဆောင်လာနိုင်သကဲ့သို့ တော်လှန်ရေးအင်အားစုမျာအးကြား သွေးခွဲမှုများနှင့် နိုင်ငံတကာ ထောက်ပံ့မှု တမျိုးတဖုံ ရယူနိုင်ရေး ကြိုးပမ်းလာနိုင်သည်ကို သတိပြု ဆင်ခြင်ရန်လည်း သတိပေးသည်။

နိုင်ငံတကာအနေဖြင့်လည်း ပြည်သူများ ဇွဲရှိရှိ ဖြင့် စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းနိုင်ရေးနှင့် ဖဒက်ရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေး ကြိုးပမ်းမှုများအား ထုတ်မှုများကို အားပေးထောက်ခံရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။ ထို့ပြင် နိုင်ငံအရပ်ရပ် လိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက်ကူညီပေးနိုင်ရန်အတွက်လည်း ထပ်မံ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

တော်လှန်ရေး၏ အရေးကြီးဆုံး အဆုံးအဖြတ်ကာလ၌ ပြည်သူတစ်ရပ်လုံးလိုလားချက်ဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို အပြီးပိုင် ချေမှုန်းအနိုင်ယူပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ထူထောင်နိုင်ရေး အားလုံး ဆက်လက်တိုက်ပွဲဝင် ကြိုးစားသွားရန် ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်ကလည်း သုံးနှစ်တာ တော်လှန်ရေးခရီး အခြေနေကို ပြောပြရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ၂၀၂၁ မေလ ၅ရက်တွင်ဖွဲ့စည်းခဲ့ခြင်းနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ပြည်သူ့စစ်မဟာဗျူဟာ အကောင်အထည်ဖော်သည့် အနေဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တပ်ရင်းပေါင်း ၃၃၀၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မြို့နယ်ပေါင်း ၂၅၀တွင် ဖြန့်ကျက် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ပြောပြသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စစ်ရေးစီမံချက် အနေနဲ့ တိုင်းရင်းသား ERO တွေနဲ့ ပူးပေါင်းပြီး မြောက်ပိုင်း စစ်ဒေသ အမှတ်(၁) စစ်ဒေသကို C3C လို့ ကျနော်တို့ ခေါ်တဲ့ စစ်ရေးရုံးချုပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ဆိုလို့ရှိရင် တောင်ပိုင်းဒေသ အမှတ်(၂) စစ်ဒေသ C2Cကိုလည်း ကျနော်တို့ ဖွဲ့စည်းနိုင်ခဲ့တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတော့ ကြားကာလ ပြည်သူ့ဗဟို အုပ်ချုပ်ရေးကာလ ကို ကျနော်တို့က ဖွဲ့စည်းနိုင်ခဲ့ပြီးတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ မွန်၊ ကရင် ၊ တနင်္သာရီ တိုင်းနဲ့ ပြည်နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့များနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်” ဟု ဒုဝန်ကြီးက ပြောသည်။

PDF တပ်ရင်း စစ်ဆင်ရေးလုပ်ငန်းများအနက် အထူးစစ်ဆင်ရေးဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးကိုလည်း တိုင်းရင်းသားတပ်များနှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည်ဟု ပြောသည်။

“မြန်မာနိုင်ငံရဲ့ စစ်ရေးဆောင်ရွက်မှု အနေနဲ့ ကချင်ဒေသမှာသော်လည်းကောင်း၊ ချင်းဒေသ၊ ရခိုင်ဒေသ တို့မှာလည်း အကောင်အထည် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ပိုင်း ကယား၊ ကရင်၊ မွန် ၊ တနင်္သာရီ၊ ပဲခူး စတဲ့ နေရာဒေသမှာလည်း စစ်ရေးလုပ်ဆောင်မှုတွေကိုလည်း အများအပြား လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောသည်။

အထူးစစ်ဆင်ရေးအနေဖြင့် ဒရုန်းစစ်ဆင်ရေးအဖြစ် ဧပြီ လ ၄ရက်တွင် နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာ လေယာဉ်ကွင်းကို အထူးတိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။