Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်များက ရွေးကောက်ပွဲလုပ်မည်ဟု ကြုံးဝါးနေသော်လည်း ၂၀၂၅တွင် စစ်ကောင်စီ ရှိရန်ပင်မသေချာဟု KNU ပြော

စစ်ကောင်စီ၏ ဒုခေါင်းဆောင်စိုးဝင်းက တရုတ်ခရီးစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည် ပြောဆိုမှုရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

(KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​​စော​တောနီး။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ)
(KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​​စော​တောနီး။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ)

▪︎ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တွင်ပါဝင်သည့် ကော်သူးလေအစိုးရကို ကရင်နှင့်လူမျိုးစုံပေါင်းစည်းကာ မကြာမီဖွဲ့စည်းရန်ရှိဟု အသိပေး

▪︎အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများ အသာတကြည် မပူးပေါင်းပါက ချေမှုန်းမည်ဟုပြော

-People’s Spring

စစ်ကောင်စီခေါင်းဆောင်များက ရွေးကောက်ပွဲကို ၂၀၂၅ တွင်လုပ်ဆောင်မည်ဟု ပြောဆို​နေသော်လည်း ဒေသအသီးသီး၌ စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၂၀၂၅တွင်ရှိရန်ပင်မသေချာတော့ဟု ကရင်အမျိုးသာအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောသည်။

စစ်ကောင်စီ၏ ဒုခေါင်းဆောင်စိုးဝင်းက တရုတ်ခရီးစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည် ပြောဆိုမှုရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

“တိုတိုနဲ့ ပြောရမယ်ဆိုရင် အရှေ့အနောက် တောင်မြောက် ဘယ်မှာပဲကြည့်ကြည့်ရှုံးနေတာပဲ။ တဆုတ်တည်းဆုတ်တဲ့အဖွဲ့ကြီးက အခုမှ ၂၀၂၅ ရောက်ရင် ရွေးကောက်ပွဲ တွေဘာတွေထလုပ်မယ်ဆိုတာ ဟိုး ၂၀၂၂၊ ၂၀၂၃ တုန်းက ပြောတာလည်း အကြိမ်မနည်းတော့ဘူး။ အဲဒီဟာလည်း ဘာမှလုပ်လို့မရဘဲ ဟိုရွေ့ ဒီရွေ့နဲ့။ ရွေ့ရင်း ရွေ့ရင်းနဲ့ နယ်မြေက ကျဉ်းသထက် ကျဉ်းလာတယ်။ အဲဒီအပေါ်မှာ ကျနော် မေးခွန်းက ရှိတယ်။ ၂၀၂၅ မှာ စစ်ကောင်စီက ဘယ်နား ရှိမလဲ မသိဘူး။ ကျနော်ကတော့ မသေချာဘူး စစ်ကောင်စီ ရှိမယ်၊ မရှိတော့ဘူးဆိုတာ ကျနော်ကတော့ လုံး ၀ ယုံကြည်မှုမရှိတော့ဘူး။ ၂၀၂၅ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးကြည့်ပါ မင်းတို့ဘယ်နားရှိနေမလဲဆိုတာ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတော်လှန်ရေးသည် နိုင်ငံရေးတစ်ခုတည်း ဆင်နွှဲမရသကဲ့သို့ စစ်ရေးတစ်ခုတည်းဖြင့်လည်းပုံဖော်လုပ်ဆောင်၍ မ ရကြောင်း၊ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက ကြိုးစားနေရခြင်းဖြစ်ကြောင်း လည်း ပဒိုစောတောနီးက ပြောသည်။

“နေရာဒေသ အသီးသီးမှာ အခြေအနေ မတူတဲ့အပေါ်မှာ ရုန်းကန်ရတာချင်းလည်း မတူဘူး။ နိုင်ငံရေးအရရော၊ စစ်ရေးအရရော သံတမန်ရေး ဆက်ဆံရေး နည်းလမ်းတွေအရရော စီးပွားရေးပိတ်ဆို့မှု အပါအဝင်လူထု လှုပ်ရှားမှု အကုန်လုံးက တပြိုင်တည်း တွန်းရမှာဖြစ်တယ်”ဟု ၎င်းကဆက်​ပြောသည်။

စစ်​ကောင်စီကို ​ကဏ္ဍ​ပေါင်းစုံမှထိုးစစ်ဆင်​နေရာ အရှိန်အဟုန် တဖြည်းဖြည်း မြင့်လာသည်ကို တွေ့ရပြီး စစ်ရေးသည်ရှေ့ကိုပင် သွားနေသည်ဟု ခံစားမိသော်လည်း တစ်ချိန်တည်းတွင် နိုင်ငံရေးဘက်ကိုလည်း ဦးစားပေးလုပ်ဆောင်နေသည်ဟုလည်း ပြောသည်။

“ အထူးသဖြင့် ကျနော်တို့ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ အသစ်မှာဆိုရင် ကျနော်တို့က ပြောတာနဲ့ မလုံလောက်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ KNU အနေနဲ့က အခုလာမယ့် အခြေအနေမှာ သိပ်မကြာတော့တဲ့ ကာလတစ်ခုမှာ ကျနော်တို့ ကော်သူးလေ အစိုးရ တစ်ရပ်ကို ဖွဲ့စည်းဖို့ တာဆူနေပါပြီ။ ဒီအစိုးရကလည်း ကျနော်တို့ ပြည်ထောင်စုထဲမှာ ရှိတဲ့ ယူနစ်တစ်ခုအနေနဲ့ ပေါင်းစုံလာပြီးတော့ ကျနော်တို့ အောက်ခြေက ဖွဲ့စည်းလာတဲ့ အစိုးရ တစ်ရပ်ဖြစ်တယ်။ အဲဒီ အပေါ်မှာ ပြည်ထောင်စု နိုင်ငံတစ်ခုကို တည်ဆောက်မယ်ဆိုရင်တော့ ပြည်ထောင်စု အစိုးရရယ်၊ ပြည်နယ်အစိုးရရယ် ဒေသန္တရ အစိုးရရယ်ဆိုပြီး တော့ အလွှာမျိုးစုံ ရှိကြတဲ့အထဲမှာ အခုကတော့ အလွှာတိုင်း အလွှာတိုင်းမှာ ဘယ်လို အာဏာတွေခွဲဝေယူကြမလဲဆိုတဲ့ အပိုင်းမှာ ကျနော်တို့က စဉ်းစားနေပြီးတော့ စဉ်းစားတဲ့အတိုင်း ပြောဆိုညှိနှိုင်း နေကြတဲ့အပိုင်းတွေရှိပါတယ်”ဟု ပဒိုစောတောနီးကပြောသည်။

၁၉၅၆ ခုနှစ်ကတည်းက မူပေါ်လစီချထားသည့် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ကို ထူထောင်မည်ဆိုသည်ကို လက်တွေ့ ပြသတော့မည်ဟု ပြောသည်။ ကရင်အပါအဝင် နယ်မြေတွင်းရှိ လူမျိုးအားလုံးနှင့် ပေါင်းစည်းကာ ကော်သူးလေအစိုးရ တည်ဆောက်ပြီး ဖက်ဒရယ်တိုင်းပြည်သစ် ထူထောင်မည်ဖြစ်၍ ပြည်သူများအားလုံး စိတ်ပူစိုးရိမ်စရာမရှိဟု အသိပေးသည်။

ကြွေးကြော်ထားသည့် ရည်မှန်းချက်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်တစ်ခုကို ဘ၀တူ လူမျိုးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး တဆင့်ချင်းစီ တည်ဆောက်သွားမည်ဟု ပဒို​စော​တောနီးကရှင်း ပြသည်။

လတ်တလော စစ်ကောင်စီက ကြိုးပမ်းနေသည့် မြ၀တီမြို့ ပြန်လည်ရရှိရေး အောင်ဇေယျ စစ်ဆင်ရေးနှင့်ပတ်သက်၍လည်း KNU ​ပြော​ရေးဆိုခွင့်ရှိသူကက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက် ပူးပေါင်းရန် ထပ်မံ သတိပေးသည်။

အောင်ဇေယျ စစ်ဆင်ရေးသည် မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်ရရှိရေးဖြစ်ပြီး စစ်ကောင်စီဘက်က ယခုနှစ် ဧပြီ ၇ရက်ကတည်းက စတင်ကြိုးစားခဲ့ကြောင်း၊ ၄ရက်အတွင်း အပြီးသိမ်းရန် စစ်ကောင်စီဘက်က သေချာစွာ စီစဉ်ထားသော်လည်း ရက် ၉၀ ကျော်သည်အထိမရဘဲ ဖြစ်နေကြောင်း ပဒိုစောတောနီးက ပြောသည်။

“သူတို့ အခြေအနေက သူတို့ အသိဆုံးပဲလေ။ ဒါပေမဲ့ သူတို့မှာ ဆုတ်မိန့်မရဘူး။ ဆက်ပြီးတိုးရမယ့်အနေအထားတော့ ရှိတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ရှိသည့်အရင်းအမြစ်ဖြင့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး ပျက်သုဉ်းအောင်လုပ်ဆောင်မည်ဟု ဆက်ပြောသည်။

“KNLA ကလည်း သူ့တာဝန် သူလုပ်ဆောင်နေတာပဲဖြစ်တယ်။ သူ့အလုပ်သူလုပ်နေတာပဲဖြစ်တယ်။ဖိတ်ခေါ်တယ်။ အေးအေးသက်သာနဲ့ လာပြီး ပူးပေါင်းလုပ်ဆောင်ကြပါဆိုတာကို မလုပ်ဘူးဆိုရင် ချေမှုန်းခံကြရဖို့ပဲရှိတော့တယ်ဆိုတာ တိုတိုပဲ ပြောပါရစေ”ဟု ပဒိုစောတောနီးက ပြောသည်။

KNLA ဗဟိုဌာနချုပ်ကလည်း အောင်ဇေယျ စစ်ဆင်ရေးကို ရိုက်ချိုးသွားမည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် KNLAထံ လာရောက်လက်နက်ချခြင်းကသာ အသက်ရှင်သန်ခွင့်ရရန် တခုတည်းသောနည်းလမ်းဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ နိုင်ငံရေး စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးသည် မေလ ၁၇ရက် တွင် ကွယ်လွန်သွားသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖားအံ(ဘားအံ)ခရိုင် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ၏ မော်ကွီးလုတပ်စခန်းကို ယနေ့(မေလ ၁၆ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။