Connect with us

Hi, what are you looking for?

သတင်း

ရွှေတစ်ကျပ်သားကျပ် ၇၅ သိန်း ၊ တစ်ဒေါ် ကျပ် ၆,၀၀၀ ဖြင့် စံချိန်ထပ်တင်

ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းပါးလာသည်ဟု စစ်ကောင်စီဗဟိုဘဏ် ဝန်ခံ

ကျပ်​ငွေတန်ဖိုးမှာ စံချိန်တင်ကျပြီးရင်း ဆက်ကျ​နေသည်။ ဓါတ်ပုံ-Getty Images

စောနွေဦး/People’s Spring

ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေဝင်ရောက်မှုနည်းပါးလာကြောင်း စစ်ကောင်စီဗဟိုဘဏ်က ဝန်ခံလိုက်ပြီး ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၇၅ သိန်းကျော်နှင့် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၆၀၀၀ အထိ သမိုင်းတ​လျှောက်အမြင့်ဆုံး​​ဈေးများသို့ဆက်လက်ခုန်တက်သွားသည်။

“ဈေးနှုန်းတွေက သတ်မှတ်နှုန်းဆိုတာမရှိတော့ဘူး။ ရောင်းတဲ့သူပြောတဲ့ ဈေးဖြစ်နေပြီ ကျပ်ငွေတန်ဖိုးက တရက်ထက် တရက် ထိုးကျနေတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

နိုင်ငံခြားငွေဝင်ရောက်မှုနည်းနေသည့် ကာလတွင် ငွေကြေးတည်ငြိမ်မှုကို ပျက်ပြားစေသူ မသမာသူများက ငွေလဲနှုန်းကမောက်ကမဖြစ်အောင် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီဗဟိုဘဏ်က ယနေ့ (သြဂုတ် ၉ ရက်)စွပ်စွဲလိုက်သည်။

Public Service Announcement

Public Service Announcement

ထိုသူများသည် ငွေကြေးဈေးကွက်ပျက်ပြားစေရန် လူမူကွန်ယက်များကို အသုံးပြုပြီးဆောင်ရွက်နေပြီး ၎င်းတို့ကို ဖော်ထုတ်အရေးယူမည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားသည်။

ပြည်တွင်း​ငွေ​ကြေးဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုးထိုးဆင်း​နေသည်။ သြဂုတ် ၈ ရက်တွင် အမေရိကန် တစ်ဒေါ်လာကို ၅၆၀၀ ၊စင်ကာပူတစ်ဒေါ်လာကို ၄၁၀၀ ကျပ် နှင့် ထိုင်းဘဏ်ငွေ တစ်ဘတ်ကို ကျပ် ၁၅၆ ကျပ်​ဈေး​ပေါက်ရာမှ ယနေ့(သြဂုတ် ၉ ရက်) တွင် အမေရိကန်တစ်ဒေါ်လာကို ၆၀၀၀ ကျပ်ကျော်၊ စင်ကာပူတစ်ဒေါ်လာကို ၄၂၅၀ ကျပ်နှင့် ထိုင်းဘတ်ငွေတစ်ဘတ်ကို ကျပ် ၁၆၂ အထိ​ဈေးခုန်တက်ခဲ့သည်။

“ဒီကာလက ပုံမှန်အချိန်ဆိုရင်လည်း ဒေါ်လာ လိုအပ်ချက်မြင့်တဲ့ကာလတွေပါ။ အခုက နိုင်ငံခြားဝင်ငွေက မရှိသလောက်ဖြစ်သွားတာရယ်။ စစ်အသုံးစရိတ်တွေ မြင့်လာတာတွေကြောင့်ကော ကျပ်ငွေတန်ဖိုးက အရမ်းထိုးကျနေတာပါ။”ဟု ရန်ကုန်မြို့ အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားနေသည့် စစ်ကောင်စီက လွန်ခဲ့သည့် နှစ်နှစ်ကျော်က (၂၀၂၂ ဧပြီ၃ရက်မှ ၂၀၂၄ ဩဂုတ် ၇ ရက်အထိ) တင်ပို့ခဲ့သည့် ကုန်ပို့ရငွေများကို ပြည်တွင်းကို ပြန်ယူလာပါက ၇၅ ရာခိုင်နှုန်းကို ပြင်ပတွင် လွတ်လပ်စွာရောင်းချခွင့်ပြုမည်ဟု စစ်ကောင်စီက ယခင်သတ်မှတ်ချက်ထက် ၁၀ ရာခိုင်နှုန်း ​ဖြေ​လျှော့ကာ လုပ်ငန်းရှင်များကို ဆွဲ​ဆောင်လာပြန်သည်။

စစ်ကောင်စီက ၂၀၂၂ ဩဂုတ် ၁၆ရက်တွင်ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်​ကောင်စီထံတွင် မဖြစ််​မ​နေကျပ်ငွေလဲရမည်ဟု စတင်တင်းကြပ်ခဲ့သည်။

၂၀၂၃ ဇူလိုင်လတွင် စစ်ကောင်စီက ၅၀ ရာခိုင်နှုန်းဟုလည်း​ကောင်း ၊ ၂၀၂၃ ဒီဇင်ဘာ ၆ ရက်တွင် ၃၅ ရာခိုင်နှုန်းအထိ ဟူ၍လည်း​ကောင်း အဆင့်ဆင့် ပြောင်းလဲသတ်မှတ်၍ ပို့ကုန်ရ​ငွေမှ ​ဒေါ်လာများ ပြည်တွင်းပြန်ယူလာရန် ဆွဲ​​ဆောင်နိုင်ရန် ကြိုးစားခဲ့သည်။ ၂၀၂၄ ဩဂုတ် ၈ ရက်တွင် ၂၅ ရာခိုင်နှုန်းကိုသာ စစ်​ကောင်စီထပ် ၁ ​ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ​မဖြစ်မ​နေ ​ရောင်းရမည်ဟု ထပ်မံပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

​ရွေ​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင်ပို့ကုန်ရ​ငွေကို ထိုသို့သတ်မှတ်ချက်မရှိဘဲ လုပ်ငန်းရှင်များကလွတ်လပ်စွာ ​ရောင်းဝယ်လုပ်ကိုင်ခွင့်ပြုထားသည်။

သို့သော်ပို့ကုန်ရ​ငွေမှ နိုင်ငံခြား​ငွေဝင်​ရောက်မှုမှာ တဖြည်းဖြည်းပိုနည်းလာသည်။ ထို​နောက် စစ်​ကောင်စီက ပို့ကုန်ရ​ငွေများကိုသတ်မှတ်ကာလအတွင်း မယူလာပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းသွားမည်ဟုစစ်ကောင်စီက ခြိမ်းခြောက်ထားသည်။ ထိုပြင် ကုမ္ပဏီများဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်မှု ဥပဒေများအရလည်း အရေးယူမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

အ​မေရီကန် နှင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ ၊ ပြည်ပရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်​ရေးကျဆင်းမှု ၊ ပြည်ပ​ရောက်လုပ်သားများမှပြန်ပို့​ငွေနည်းဘာခြင်း ၊ပြည်တွင်းမှ စစ်ကောင်စီထုတ်ကုန်များကို သပိတ်မှောက်ခြင်း စသည်တို့ကြောင့် စစ်ကောင်စီသည် အာဏာသိမ်း ၃ နှစ်ကျော်အတွင်းဝင်ငွေလျော့နည်းလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျပ်​​ငွေတန်ဖိုးကျဆင်းသဖြင့် ရွှေ​ဈေးမှာ ပြည်တွင်း​ဈေးကွက်အတွင်းသမိုင်းတစ်​လျှောက် အမြင့်ဆုံးဖြစ်​လာသည်။ အမြင့်ဆုံး​ဈေးစံချိန်မှာဆက်တိုက်ကျိုး​နေခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီက ကျပ်​ငွေတန်ဖိုးစံချိန်ကျဆင်းပြီးဒေါ်လာ​ဈေးတက်ခြင်းအတွက် ​ငွေလဲလှယ်သူများကို အပြစ်လွှဲချပြီးဖမ်းဆီး ခြိမ်း​ခြောက်​သော်လည်း ​ငွေ​​ကြေး​ဈေးကွက်တွင် ​ဒေါ်လာ​ဈေးမှာ အ​ပြောင်းအလဲ မရှိဟု​ဈေးကွက်မှသိရသည်။

သတင်း

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်၌ အမေရိကန်တစ်ဒေါ်လာ ၅,၆၂၀ ကျပ်အထိ စံချိန်တင်မြင့်တက်​နေပြီး အခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၇၀ နီးပါရှိလာကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်းများထံမှ သိရသည်။

သတင်း

အ​ခေါက်​ရွှေ တစ်ကျပ်သား ၆၇ သိန်းကျပ် ၊​တစ်ဒေါ်လာ ၅၃၅၀ ကျပ်အထိတက်

Facebook