ဟန်နွေ/People’s Spring
စစ်ကောင်စီက ပြည်သူလူထုတရပ်လုံးအား လူသားဒိုင်းသဖွယ်အသုံးချရန် ကြိုးစားသော လုပ်ရပ်နှင့် ပတ်သက်သည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့( စက်တင်ဘာ ၃ရက်)တွင်ထုတ်ပြန်ခဲ့ရာ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်ပြုသမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်ကြောင်း ပြသပြီး ပြတ်သားစွာ ခုခံတော်လှန်ရန် တိုက်တွန်းထားသည်။
နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်ပြုန်းတီးနေသည့် စစ်အင်အားကို ဖြည့်ဆည်းရန် ယခုနှစ် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး အသက် ၁၈နှစ် မှ ၃၅နှစ်အထိလူငယ်များကိုလူ
သားဒိုင်းအဖြစ် အဓမ္မ စေခိုင်းရန် ဆောင်ရွက်ခဲ့သည့်အပြင် ယခုနှစ်ဩဂုတ် ၁၆ရက်တွင် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့”အမည်ဖြင့်လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်းတခု ထပ်မံ ဖွဲ့စည်းကာအသက် (၃၅) နှစ် မှအသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကိုအတင်းအဓမ္မတိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာသည် ကိုတွေ့ရကြောင်း ဖော်ပြသည်။
“စစ်အာဏာရှင်စနစ်ဘေးဆိုးသည်အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး တဦးတယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာပြီဖြစ်သလို မည်သူမျှမည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည်မှာပိုမိုထင်ရှားလာပြီဖြစ်သည်။ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ အင်အားကိုအထင်သေးလျှော့တွက်သော အကြမ်းဖက် စစ်အုပ်စုအား “မိမိတို့ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်ပြုသမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်”ဆိုသည်ကို အခိုင်အမာပြသ၍ နည်းလမ်းပေါင်းစုံဖြင့် ပြတ်ပြတ်သားသား ခုခံတော်လှန် ဆန့်ကျင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်” ဟု NUGက ထုတ်ပြန်သည်။
ပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုများအားလုံး၏ ညီညွတ်မှုအင်အားကြောင့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ဘဏ္ဍာရေးအဘက်ဘက်တွင်ရှုံးနိမ့်မှုများကြုံတွေ့နေရသည့်စစ်အုပ်စုသည် ၎င်းတို့ သက်ဆိုးရှည်ရေးတခုတည်းအတွက်တိုင်းပြည်နှင့်ပြည်သူလူထုတရပ်လုံးကို ဓားစာခံများသဖွယ်၊ လူသားဒိုင်းများသဖွယ် အသုံးချနိုင်ရန် ရူးရူးမိုက်မိုက်ကြိုးပမ်းလာခြင်းပင်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
ကမ္ဘာအရပ်ရပ်ကနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေကြရသော နာကျင်ခံစားရမှုများအားလုံး၏ အရင်းအမြစ်သည် စစ်အာဏာရှင်များ နှင့်၎င်းတို့၏ မတရား သောအမိန့်များကို လိုက်ပါဆောင်ရွက်နေသော တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားများ ဖြစ်ကြောင်းကိုသိရှိ နားလည်စေလိုသည်ဟု အသိပေးသည်။
ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအားလုံးကို လူသားဒိုင်းအဖြစ် အသုံးချလာသောလုပ်ရပ်များရပ်တန့်စေရေးထိရောက်သော လုပ်ဆောင်မှုများကို ဆောင်ရွက်ကြရန်နှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန်နိုင်ငံတကာအား NUGက တိုက်တွန်းထားသည်။
“အခုဆိုရင် ကျွန်တော်တို့နိုင်ငံအတွင်းမှာဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေက နေရာတိုင်းမှာ ဖြစ်နေပါတယ်။ အဓမ္မစစ်မှုထမ်းကိစ္စ အကောင်အထည်ဖော်ပြီး နောက်ပိုင်းမှာ ပိုမို ဆိုးရွားစွာနဲ့ ပြည်သူကို အနိုင်ကျင့်ပြုမူနေကြပါတယ်။ လူငယ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးတာတွေ၊ ပေါ်တာဆွဲတာတွေအပြင်၊ ခရီးသွားလာခွင့်တွေပါ ကန့်သတ်၊နိုင်ငံခြားထွက်ခွင့်တွေ ပိတ်ပင်ပြီး နည်းမျိုးစုံသုံးကာ လူ့အခွင့်အရေးချိုးဖောက်နေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုံထဲက စက်ရုံအလုပ်သမား (၈၀၀၀၀) ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်းစစ်အုပ်စုဟာ ကောက်ယူနေတယ်ဆိုလို့ ပြည်သူတွေလည်း နေ့စဥ် ထိတ်ထိတ်လန့်လန့် နေနေရတာမျိုးလည်း ကြားသိရပါတယ်။ပိုဆိုးတာက အခုဆိုရင် ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်ဆိုပြီး ရပ်ကွက်အလိုက် စာရင်းတွေ လည်းကောက်နေပြီ ကြားရတာမို့ ပြည်သူတွေအနေနဲ့ အတော်လေး စိတ်လုံခြုံမှုကင်းမဲ့ နေမယ်လို့ ထင်ပါတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောသည်။
တိုင်းပြည် အခက်အခဲ ဖြစ်နေချိန် ပြည်သူများ ဒုက္ခရောက်နေချိန် ပြည်သူအချင်းချင်း စာနာမှုမရှိဘဲ ခေတ်ပျက်ချိန် သူဌေးဖြစ်ရန် ကြိုးစားနေသည့် လေဆိပ် သတင်းရဲ တပ်ဖွဲ့နှင့် လေကြောင်း ရဲတပ်ဖွဲ့မှ အကျင့်ပျက် Non-CDM ဝန်ထမ်းများ၊ စစ်မှုထမ်းကိစ္စ အကြောင်းပြုပြီး ပြည်သူများဆီမှ ငွေညစ်နေသည့် အုပ်ချုပ်ရေးမှူးများ အကြောင်းကြားရသည်မှာ စိတ်ပျက်မိကြောင်း ၎င်းကဆက်ပြောသည်။
“ဒါကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခေတ် ဟောင်းစနစ်ဟောင်းနဲ့အတူ မကောင်းတဲ့အကျင့်ပျက် ခြစားမှုတွေကိုပါတစ်ခါတည်း တိုက် ထုတ်ပြစ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။” ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။
စစ်ကောင်စီက လူငယ်များ ၊လူလတ်ပိုင်းများကိုအဓမ္မခေါ်ဆောင်နေခြင်းနှင့် ပက်သက်၍ CDM ဗိုလ်ကြီး လင်းထက်အောင် က “စစ်တပ်က အင်အားက ပြောရမယ်ဆို သောင်းနဲ့ချီပြီးတော့ လိုအပ်နေတာဖြစ်တယ်။ အခုလောလောဆယ် သူတို့ရဲ့ စကစတွေ ပျက်စီးသွားတာတွေရှိတယ်။ စခအလိုက်ပျက်စီးသွားတာတွေရှိတယ်။တပ်မတပ်ရင်းအလိုက်ပျက်စီးသွားတာတွေရှိတယ်။ သူတို့တွေ လိုအပ်နေတဲ့အင်အား သောင်းဂဏန်းအလိုက်ကိုဖြစ်နေတာ။ ဒါကြောင့်မို့လို့ သူတို့ရဲ့လက်တလောလိုအပ်နေတဲ့အင်အားကို ပြည်သူဆီကနေပြီးတော့ ပြန်ယူတယ်။ ယူပြီးတော့ သူတို့ရဲ့စစ်ရေးကို plan ချိန်းမလားဆိုပြီး ကြံစည်တာပေါ့။ ဒါပေမယ့်ဒီကိစ္စကြီးကတော့ လွယ်လွယ်ကူကူနဲ့ဖြစ်မှာမဟုတ်ပါဘူး”ဟု မှတ်ချက်ပြုသည်။
သို့သော် ပြည်သူများအနေဖြင့် စစ်တပ်၏ လက်ထဲရောက်သွားပါက စစ်တပ်၏ အကြပ်ကိုင်မှုကြောင့် စစ်တပ်အလိုကျလုပ်ရမည်ဖြစ်ကာ ၊ ယခုအခါရှေ့တန်း ပို့ခံရဖို့များကြောင်းလည်း၎င်းကပြောသည်။
“သေမယ့်လမ်းကို ရွေးရတဲ့ပုံစံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ အဲလိုလူတွေကို စစ်ပညာသေချာမသင်ကြားဘဲနဲ့ လက်နက်တွေကိုင်ခိုင်းတဲ့အခါမှာ တကယ်တမ်းစစ်မြေပြင်များရောက်သွားတဲ့အခါကျရင် ပြည်သူတွေအနေနဲ့ ရွေးချယ်စရာ အတော်ပဲ နည်းပါသွားပါလိမ့်မယ်” ဟုနွေဦးတော်လှန်ရေးအစောပိုင်းကတည်းက ပြည်သူနှင့်ပူးပေါင်းခဲ့သော CDM ဗိုလ်ကြီးကပြောသည်။
“ကျွန်တော်ကတော့ အခုအချိန်မှာ အကြံပြုချင်တာက သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးနေတဲ့အဖွဲ့တွေလည်း တဖြည်းဖြည်းများလာပါပြီ။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ရှောင်တိမ်းလိုသူတွေ၊တခြားဥစ္စာတွေအတွက်။ တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီးတော့ ဒီစစ်အုပ်စုရဲ့ အကြမ်းဖက်သစ်ဥပဒေအောက်ကနေပြီးတော့ လွတ်မြောက်အောင်လုပ်ပါ”ဟုကိုလင်းထက်အောင်ကလည်းအကြံပြုသည်။
Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကလည်း ပေါ်တာဆွဲမှု ၊စစ်မှုမထမ်းမနေရဥပဒေဖြင့် အဓမ္မစစ်သားသစ်ခေါ်မှု ၊ယခုနောက်ဆုံးလုံခြုံရေး အဖွဲ့အမည်ဖြင့် အသေခံမည်သူများကို စစ်ကောင်စီက စုဆောင်းနေမှုနှင့်ပက်သက်၍ လူငယ်များကို အောက်ပါအတိုင်းအကြံပြုသည်။
“အဓိကကတော့ ရှင်းပါတယ်။ ကြားနေခြင်းသုံးမလား။ နိုင်ငံခြားထွက်ပြီး လုပ်ငန်းအလုပ်လုပ်မလား။ ဒါမှမဟုတ်စစ်ကောင်စီပေါ်တာဆွဲတာခံရမှာပဲလေ။ နောက်ဆုံးနည်းလမ်းကတော့ရှင်းပါတယ်။ ကိုယ်တွေမကြိုက်တဲ့အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးသမားတွေဘက်ကို ပူးပေါင်းမလား။ဒီနည်းလမ်းရှိပါတယ်။ ကျွန်တော်တို့ MBT တပ်ဖွဲ့အနေနဲ့ကတော့ အခုလိုပူးပေါင်းမယ်ဆိုရင်ကြိုဆိုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။” ။ ။